March 28, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၆)

ကျွန်တော့်သူငယ်ချင်းစိုးပိုင်။ အင်းတော်တွင် ပထမဆုံးခင်သည့် သူငယ်ချင်း။ သူအဖေက ဦးတင်ရွှေ၊ သူ့အစ်ကိုက စိုးနိုင်။ စိုးနိုင် နာမည်အလွန်ပေါသည်။ စက်ကုန်းတွင်ပင် စိုးနိုင် ၂ ယောက်ရှိသည်။ နောက်စိုးနိုင် တစ်ယောက်က ကျွန်တော့်ယောက်ဖ ကိုတင်မောင်အေး၏ညီ ကျွန်တော့ကို နာမည်ပျက်ပေးသည့်လူ။
ဖြစ်ပုံက ဒီလို တောသားကျွန်တော်က အင်းတော် စက်ကုန်းတွင် အလွန်ဆော့သည်။ ထို ကိုစိုးနိုင်နှင့်လည်း ကစားလိုက်၊ နောက်လိုက်။ ကျွန်တော် သူ့ကိုခင်သလို၊ သူကလည်း ကျွန်တော့်ကို ခင်ပါသည်။ သူ့တူမ မီးမီးနှင့် ကျွန်တော့်ကို စသည်။ အတော်လေးလှသည့် ကလေးမ ဖြစ်ပါသည်။ ခုချိန်တွင် ဆိုလျှင်တော့ ကျွန်တော်မိန့်မိန့်ကြီးပြုံးကာ အတော်ကျေနပ်နေမည်ထင်ပါသည်။ (:P) ထိုအချိန်ကတော့ အရှက်ကြီးသော ကျွန်တော်က မိန်းကလေးများနှင့် စသည်ကို လုံးဝမကြိုက်ပါ။ ဟေး ... ယောက်ျားလေးနှင့် စလျှင်တော့ကြိုက်သည် ဆိုသည့် အဓိပ္ပာယ်မဟုတ်ပါ။ လူနောက်များကို ကြိုတင်ရှင်းထားရမည်။ (:D)
ထိုကိုစိုးနိုင်၏ရှေ့တွင် ကျွန်တော် ငယ်ငယ်က အီး ခိုးပေါက်မိသည်။ အနံ့ကအတော်ပြင်းသည်။ သိတယ်မဟုတ်လား။ (ဟား ဟား ..... (:D) ....) သူက အီးပေါက်တဲ့ကောင်ဖင်ထဲ ဆင် -ီးကောက်ကောက် ၀င်တွေ ဘာတွေပြောသည်။ လူအ၊ ကျွန်တော်က ငြိမ်၍ မနေဘဲ။ ကျွန်တော်ပေါက်တာ ... ဘာညာ သွားလုပ်သည်။ "အီးထွန်း" ဆိုပြီး နာမည်စွတ်ပေးတော့သည်။ အင်းတော် စက်ကုန်း တစ်ကုန်းလုံး ကျွန်တော်ကို ထို အချိန်က စပြီး အီးထွန်း ခေါ်ကြတော့သည်။ လူစုတ် ... ကိုစိုးနိုင် ... သူပေးလိုက်သည့် နာမည် အတော်တွင်သည်။ နောက်ပိုင်း ကျွန်တော် ၄ တန်းလောက် အရောက်တွင် သူဘယ်ပြောင်းသွားသည် မသိ။ ခရီးထွက်သွားတာဖြစ်မည်ထင်ပါသည်။ သူတူမ မီးမီးလေးပါ ပျောက်သွားသည်။ သူတို့ ညီအစ်မ တစ်တွေ အတော်လှကြပါသည်။ နောက်ပိုင်း ၁၀ အောင်ပြီး သူတို့လေးတွေ ပြန်ရောက်လာသည်။ တကယ့် မဟာဆန်ဆန် လှသူတွေ။ ကိုယ်ဟန်သွယ်သွယ်၊ ဖြူဖြူလေးများဖြင့် အတော်ချစ်စရာ ကောင်းသည့် မိန်းမပျိုလေးများ။ ကျွန်တော်နှင့်တော့ မရင်းနှီးပါ။ ခပ်တန်တန်တာ။ သူတို့လေးတွေက ကျွန်တော့် ယောက်ဖ၏ တူမများ။
"အီးထွန်း" ဆိုသော ထိုနာမည် အတော်တွင်သည်။ လူတိုင်းက အီးထွန်းခေါ်သည်။ ခေါ်စက ကျွန်တော် မထူးပါ။ ထို ကိုစိုးနိုင်ကို ခဲနှင့် လိုက်ပေါက်သည် ထင်ပါသည်။ ကျွန်တော်က ခံပြင်းလေ။ သူက စလေ။ ထွက်ပြေးလိုက် ခေါ်လိုက်ဖြင့် စက်ကုန်းတစ်ကုန်းလုံးသိကာ နာမည် ပိုကြီးသွားတာလည်း ဖြစ်ပါမည်။ ထို အချိန် သမယက ကျွန်တော့်နာမည်သည်။ အင်းတော် စက်ကုန်းတွင် အီးထွန်းတည်း။ ကျောင်းတွင် မပေါက် မရောက်လာ၍ တော်သေးသည်။ နောက်ပိုင်တော့ပျောက်သွားပါသည်။ ကျွန်တော်ကပဲ ထိုနာမည်နှင့် မထိုက်တန်တော့တာလား မပြောတတ်ပါ။ စက်ကုန်းဘက် ကျွန်တော် အရောက်နည်းသွားတာလည်းပါမည်။ ခု ကျွန်တော် ပြန်လျှင်တော့ ကျွန်တော့်ကို စိုင်းခမ်းထွန်းဟုပင် ကောင်းကောင်းမွန်မွန် အရေးတယူခေါ်ကြပါသည်။ ကျွန်တော်လည်း တွေ့သမျှ ငယ်ငယ်က အဒေါ်ကြီးများ၊ ဦးကြီးများ၊ အစ်မကြီးများ၊ ဦးလေးများကို ခေါ်မြဲ နှုတ်ဆက်မြဲပင်။
စိုးပိုင် အကြောင်းဆက်ဦးမည်။ သူတို့ အိမ်နောက်ဖေးတွင် ဆီးသီးပင်ခပ်ကြီးကြီး တစ်ပင်ရှိသည်။ အလွန်သီးသည်။ အချိန်တော်တော်ကြာကြာလည်းသီးသည်။ ကျောင်းဆင်းလျှင် စိုးပိုင်တို့အိမ် ကျွန်တော်ပြေးသည်။ သူနှင့်ဆော့သည်။ ဗိုက်ဆာလျှင် ဆီးပင်ပေါ်တက်ကာ ဆီးသီးများခူးပြီး အပင်ပေါ်တွင်ပင် ထိုင်ကာ စားကြသည်။ စကားတပြောပြော။ သူနှင့် ကျွန်တော် စိတ်တိုဖူးသည်ပင်မရှိပါ။ စိုးပိုင်ကို ခုပင် သတိရသည်။ သူသည် ဇနီးနှင်၊့ ကလေးများနှင့်။ စီးပွားရေးရော အဆင်မှ ပြေပါလေစ။ အင်းတော်တွင်လည်း သစ်စက်လုပ်ငန်းက ဖြစ်တော့သည် မဟုတ်။ ထိုစက်ကုန်းရှိ သစ်စက်ကြီးမှာ ၁၉၈၈ ကတည်းက သေချာ လည်ဖြစ်သည် မရှိတော့ပါ။ စက်ရုံ အလုပ်သမားများလည် ဒုက္ခရောက်ကုန်သည်။ နေစရာတန်းလျာရှိ၍တော်တော့သည်။ စက်ရုံမလည်ပတ်နိုင်တော့သော်လည်း စက်ရုံသူဌေး တရုတ်ကြီး ဦးဖိုးကွမ်းက သူ့အလုပ်သမားများကို အလုပ်သမားတန်းလျားမှမနှင်။ အလကားနေစေသည်။ အတော်အကြင်နာတရားကြီးသည့် တရုတ်ကြီး။ သူနှင့် ကျွန်တော် ဗန်းမောက် လည်ဦး ရွှေမော်ပေါ်တော့ တစ်လလောက် တစ်တဲတည်း အတူနေဖူးသည်။ မှတ်သားစရာစကားများ သူပြောသည်။ စည်းစနစ် အချို့ကို သင်ပေးသည်။
သူပြောသည့် အထဲမှ ကျွန်တော် ယခုတိုင် အမှတ်ရနေဆဲ ဖြစ်သောစကား ၂ ခွန်းရှိသည်။ တစ်ခွန်းက သူ့အလုပ်သမားဖြစ်သည့် ကျွန်တော့်ဘကြီးနှင့် ပတ်သက်၍ ပြောခြင်းဖြစ်သည်။ သူက ကျွန်တော့် ဘကြီးသာမှိုင်း (ကျွန်တော့်ကြီးကြီးဒေါ်တင်အေး၏ ယောက်ျား)နှင့် ရွှေလုပ်ငန်းစပ်တူ လုပ်ကြည့်သည်။ တစ်ချို့ကိစ္စများတွင် ကျွန်တော့်ဘကြီးသာမှိုင်း၏ ရွှေလုပ်ငန်းအတွင်း ငွေရပေါက်ဖန်ကွက်များကို သူသိသည့်အကြောင်း။ သူပြောသည့်စကားမှာ .....
"ငါက တစ်ချို့ကိစ္စတွေကို သိရဲ့သားနဲ့ မသိဟန်ဆောင်နေတာ။ အ ဟန်ဆောင်နေတာ။"
ဆိုသောစကား။
အတော်ကြီး မှတ်သားစရာကောင်းသည် ဟု ကျွန်တော်ထင်ပါသည်။ ခုထိလည်း မှတ်မိနေဆဲဖြစ်သည်။ ဘ၀ အတွက် အရေးကြီးသော မှတ်သားဖွယ် စကားတစ်ခွန်းဟုလည်း ကျွန်တော် ထင်ပါသည်။ နောက်တစ်ခွန်းကတော့ တရုတ်စကားပုံတစ်ခုဟု ဆိုပါသည်။
"လူမသိတဲ့အလုပ်ဆိုတာ ကိုယ်မလုပ်တဲ့ အလုပ်ပဲရှိတယ်"
ထိုစကားက ကျွန်တော့်ကို အမြဲသတိပေးတတ်သည်။ မကောင်းတာမလုပ်မိစေဖို့။

ဇာတ်လမ်းတစ်ပုဒ်


March 26, 2009

ဖုတ်ကောင် (Zombie) အသွင်ပြောင်းသွားသူ



ရစ်မာရေး (Rick Murray) ဆိုတဲ့ကောင်လေး တစ်ယောက်ဟာ ၂၄ နာရီကြာ ဆေးမင်ကြောင်ကို အသားအနာခံထိုးပြီး သူရုပ်သွင်ကို ဖုတ်ကောင် (Zombie) အသွင်ပြောင်းခဲ့ပါတယ်။


အဲဒီအတွက် ဆေးမင်ကြောင်ထိုးခ အမေရိကန်ဒေါ်လာ ၄၀၀၀ ကုန်ခဲ့ပါတယ်။























Bizarre Magazine မှာဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံကတော့ Neville Elder က ရတာပါ။

မယုံ ဒီမှာ ၀င်ကြည့်။


(၁) သင် အဲဒီလို အသွင်ပြောင်းလိုက်ရင် သင့်ချစ်သူက ချစ်ပါဦးမလား။
(၂) ဒီလိုယဉ်ကျေးမှု မြန်မာပြည်ကို ရောက်လာနိုင်ပါသလား။
(၃) သင် ဒီလိုပုံစံပြောင်းလိုပါသလား။
(၄) ကျွန်တော် အဲဒီလိုပုံစံပြောင်းလိုက်လျှင် သင်ခင်ပါဦးမည်လား။
.

March 25, 2009

သရဲရှိကြောင်း သက်သေပြသည့် ဗွီဒီယို

ကြောက်တတ်လျှင် မကြည့်ရန် ကြိုတင်ပြောလိုပါသည်။ အကြောက်လွန်ကာတစ်ခုခု ဖြစ်နိုင်သည်။ သတိထား၍ ကြည့်ပါရန်။

စိုင်းထီးဆိုင် ( သို့ ) ကောင်းကင်ယံ၌ လင်းလက်နေဆဲဖြစ်သော ကြယ်တစ်ပွင့်

အီးမေးလ်မှ ရောက်ရှိလာသော အလှူဖိတ်စာတစ်စောင်
*****************************************************
ကျေးဇူးရှင် ဖခင်ကြီး ဦးစိုင်းထီးဆိုင် ( ခ ) ဦးစိုင်းတင်ဦး ၏ ( ၁ ) နှစ်ပြည့် အားရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် လှူဖွဃ်ပစွည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ စဉ်၊ လစဉ်တိုင်း ရည်ရွယ်ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှု အစုစုတို့ အတွက် မိသားစုနှင့်အတူ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ဇနီး = ဒေါ်ခင်သန်းစိုး
သား = စိုင်းခိုင်ခမ်း
သမီး = နန်းစံဟွမ်
သမီး = နန်းယွင့်မ်ခေါင်
အစီအစဉ် နေ့ရက် -၂၆ - ၃ - ၂၀၀၉
အချိန် - နံနက် ( ၁၀း၀၀ ) မှ ( ၁၂း၀၀ ) နာရီထိ
နေရာ - တိပိဋက -နိကာယကျောင်းတိုက် ၊ အမှတ် ( ၁၂ )၊ စကားဝါလမ်း၊ ဒဂုံမြို့ နယ်၊ ရန်ကုန်မြို့ ။
*****************************************************
ကျွန်တော် ငယ်စဉ်ကတည်းက ကြားကြားနေရသည့် သီချင်းများ၊ ခုလည်း မကြာမကြာ နှုတ်က အလိုလိုညည်းညည်း မိတတ်သော သီချင်းများသည် မြန်မာ့ဂီတသမိုင်းတွင် မှတ်တိုင် တစ်ခု စိုက်ထူခဲ့သူ "ဗိုလ်ထီး" ဟု ချစ်စနိုးခေါ်ကြသည့် "စိုင်းထီးဆိုင်" ၏ သီချင်းများဖြစ်သည်။ သူကွယ်လွန်ခဲ့သည်မှာ ၁ နှစ်ပြည့်လေပြီ။
ခုလို အဝေးရောက်နေချိန်တွင် "အမေ့ရုပ်ရည်" သီချင်းကို သွားသတိရသည်။ မကြာမကြာလည်း နားထောင်ဖြစ်သည်။ Yuotube တွင် ဗွီဒီယို ဖိုင်တွေ့၍ ကြည့်ဖြစ်သည်။ တက္ကစီမောင်းရင်း ရှာကျွေးနေသည့် သားတစ်ဦးအဖြစ် စိုင်းထီးဆိုင် ကိုယ်တိုင် သရုပ်ဆောင်သည်။ အမေ့ကို လွမ်းတော့လည်း စိုင်းထီးဆိုင် ပါနေသည်။
မနှစ်က ဦးစိုင်းထီးဆိုင်၏ နာရေး သတင်း
.
.
ကြာပြီဆိုတော့ မေ့လောက်ပါပြီ ဆိုတဲ့ "ငယ်ချစ်ဦး"


ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်းလည်း မနေ့ကနဲ့ကွာ မနေ့ကလိုမနာတော့ပြီ ဆိုတဲ့ "အချစ်အတွက် တဖန်မွေးဖွာခြင်း"



ကြင်နာသူကိုယ့်အနားရှိနေခိုက်ဟာ ကိုယ့်အတွက် အသာယာဆုံးအခါ ဆိုတဲ့ "ခြင်္သေ့လည်ပြန်"


ရှိတ၀က် ပျက်တ၀က် နှစ်ဖက်သော ပါးပြင်ပေါ်က လိမ်းတဲ့ သနပ်ခါး ဆိုတဲ့ "အပြာရောင်မျက်ရည်"


မချစ်၍ စွန့်သွားတဲ့မင့်ကို စွန့်၍ချစ်သွားမယ်လေ ဆိုတဲ့ "မောင့်လပြည့်ဝန်း"


လူတစ်ဦးတိုင်း တစ်ယောက်တိုင်းမှာ တစ်ချိန်ချိန်တော့ အချစ်ဆိုတာ ရှိခဲ့ကြမယ် ဆိုတဲ့ "အချစ်ကို ဦးစားပေးခဲ့သူ"


စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ ဆိုတဲ့ "မောင့်အရိုင်းပန်း"


နှလုံးသားလှတဲ့ဆရာမလေးရယ် .. အပြုံးလည်းလှမယ့်ဆရာမလေးရယ် ဆိုတဲ့ "ခွဲစိတ်ခန်းကဆရာမလေး"


ဂစ်တာအိုတောင် ပျိုရွယ်နေဆဲတေးသံနဲ့ သီးချင်းသစ်ဖြစ်သေးရင် ... ဆိုတဲ့ "မေမြို့မိုး"


မိန်းမနဲ့ပတ်သက်လာရင် အမြဲတမ်းပဲ ကံဆိုးနေမယ် ဆိုတဲ့ "နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်"


ငွေရယ်ဆိုလို့ တဆယ်တန်နဲ့ အကြွေတချို့ ရင်ခွင်မှာတော့မျှော်လင့်ချက်ကြီးတစ်ခု ဆိုတဲ့ "ပလက်ဖောင်းမင်းသား"



တောင်ပေါ်မြေမှာတော်ဝင် ပိတောက်မရိှပေမယ့် ဖြူစင်စေတနာ အရိုးခံစိတ်ရင်းရှိကြတယ် ဆိုတဲ့ "ချယ်ရီကိုသာ ပန်ပါကွယ်"











စသည့် စသည့် ဂန္ထ၀င် သီချင်းများ .... စကားလုံးပေါင်းများစွာ ... အတွေးပေါင်းများစွာဖြင့် ...
လူငယ်ပေါင်းများစွာကို ချစ်သူရစေခဲ့သူ ....ဖြေသာစေခဲ့သူ .... ကြေကွဲချိန်မှာဖေးမခဲ့သူ .... နာလည်းပေးခဲ့သူ .... သူသည် ယခု ...
ကောင်းကင်ယံ၌ ကြယ်တစ်ပွင့် အဖြစ်ထွန်းလင်းနေဆဲ .....

March 23, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၅)

တောကျကျ မြို့လေးက ကျွန်တော်။ ပြောပြချင်သေးသော တောထဲက အကြောင်းများ။ ငယ်ငယ်က ကြုံခဲ့သမျှ၊ တွေ့ခဲ့သမျှ။ ချောင်းထဲမှ ကောက်ရတတ်သော ကျောက်ပုတီးစေ့များ အကြောင်း။ ထိုပုတီးစေ့များကို သတင်းစာထဲတွင် ခဏ ခဏတွေ့ရတတ်သည်။ ရှေးဟောင်းပစ္စည်းများအဖြစ်။ ထိုပုံများကို မြင်ရသောအခါ ကျွန်တော် စဉ်းစားမိသည်မှာ ကျွန်တော်တို့မြို့ နေရာတစ်ဝိုက် တစ်ချိန်က ယဉ်ကျေးမှုထွန်းကားခဲ့ပုံရသည်။ ကျောက်လက်နက်ပုံစံများကိုလည်းတွေ့ရသည်။ မိုးကြိုးသွားဟု ပြောပြောနေကြသည့် ကြေးလက်နက်ကို လည်း မကြာခဏဆိုသလို တွေ့ရတတ်ပါသည်။ ကျွန်တော် တက္ကသိုလ် ၄ တန်း (စက်မှုတက္ကသိုလ်က စတုတ္ထနှစ်ကို ၄ တန်းဟု ပြောကြသည်။ ပထမနှစ်ကို ၁ တန်း၊ ဒုတိယနှစ်ကို ၂ တန်း၊ အဲဒီလို)တွင် အိမ်က ရွှေတွင်းလုပ်တော့ ရွှေလုပ်ကွက်ထဲတွင် ဗြုန်းစုပ်တင်ရင်း မိုးကြိုးသွားဟု ခေါ်သည့် ထိုကြေးလက်နက်ကို တွေ့သည်။ ကျွန်တော့်ညီမျာက စတွေ့တော့ ၀င်းလက်တောက်ပြောင်နေသည့် အ၀ါရောင်တောက်တောက် ဖြစ်နေသည့်အတွက် ရွှေဟုထင်ကာ ၀မ်းအသာကြီးသာခဲ့သည်။ နောက် ကုန်းပေါ်ရောက်လာပြီး နာရီအတော်ကြာ ရေခြောက်သွားတော့မှ ကြေးဖြစ်မှန်းသိရတော့ အပျော်တွေပျောက်ကုန်သည်။ မိုးကြိုးသွားသည် ရေဒီယိုနားထားလျှင် ရေဒီယိုပိတ်သွားသည် ဆို၍ စမ်းကြည့်သည် မပိတ်။ စက်ပေါ်တင်လိုက်လျှင် စက်ရပ်သည် ဆို၍ တင်ကြည့်သည် မရပ်။ ထို့ကြောင့် အစွမ်းထက်သော မိုးကြိုးသွား အဖြစ်ရောင်းရန်မှာလည်း မဟုတ်။ နောက်ဆုံး ထိုကြေးမိုးကြိုးသွားထဲမှာ အနောက်ဖက် အရိုးတတ်ရာဖတ်တွင် အပေါက်ရှိရာ ထိုအပေါက်ထဲမှ တစ်ခုခု များထွက် လာမလားဟု ထင်ကာ တုတ်ဖြင့် ကလှော်ကြည့်သည်။ အထဲမှ ပြာလိုလို အမှုန်များ ထွက်လာသည်ဟု ဆိုပါသည်။ အဖေက ထိုပြာများမှာ ဆရာများ စီရင်ထားသော ပြဒါးသေဟု ဆိုသေးသည်။ ထိုပြာကို ကျိုထားသည့်ခဲထဲ ထည့်ခတ်လိုက်လျှင် ခဲများ ရွှေဖြစ်သည်ဟု ဆိုတုန်း။

ကျောက်ပုတီးစေ့လေးများကိုလည်း ချောင်းထဲမှာ ပင် အတွေ့ရများပါသည်။ ငယ်ငယ်က ကျွန်တော် တစ်လုံးကောက်ရဘူးသည်။ တစ်ချို့အိမ်များတွင် မကောင်းဆိုးဝါးများကို တားနိုင်သည်ဟု ယုံကြည်ကာ တံခါးအ၀င်ဝ၌ ကြိုးကလေးဖြင့် ဆွဲထားတတ်ကြသည်။ ထိုပုတီစေ့ကလေးများက ဆီးဖြူသီး ခပ်ကြီးကြီး အလုံးလောက်ရှိသည်။ အလယ်တည့်တည့်တွင် ဟိုဖက် သည်ဖက် တိုးလျိုပေါက် အပေါက်ကလေးတစ်ပေါက်ပါသည်။ အရောင်က ညိုပြာပြာဟုထင်ပါသည်။ သမိုင်းသုတေသီများ သွားရောက် သုတေသနလုပ်သင့်သည်။ ယခုတိုင် ရှာလျှင် တွေ့ဦးမည်ဟု ကျွန်တော် ယုံကြည်သည်။ ကျွန်တော်တို့ အိမ်တွင်ပင် ကြေးလက်နက် ရှိနေပါဦးမည်။ ကျောက်ပုတီးစေ့လေးများကိုတော့ လိုက်မေးလျှင် တစ်အိမ် အိမ်တွင် ရှိနေနိုင်သေးသည်။ ကွင်းဆင်းပြီး ရှာလျှင်လည်း တွေ့ဦးမည်မှာ မလွှဲ။

ကျွန်တော် ငယ်ငယ်က အဖေ ကျောက်ငါးရုပ်လေး တစ်ခု ဖလားခွက်လေးထဲထည့်ထားတာမြင်ဖူးသည်။ ဘယ်သူပိုင်သည့် ကျောက်ငါးရုပ်လေးမှန်း မသိပါ။ ရေထည့်ပေးထားသည်။ တကယ့်ငါးလေးလို။ မျက်လုံးနေရာ။ ပါးဟက်နေရာ။ ဆူးတောင်နေရာလေးများပါသည်။ ရေတော့မကူးပါ။

ပြောနေရင်း ချိုးငှက်ကလေးများ၏ သဘာဝကို သွားအမှတ်ရသည်။ ချိုးကလေးများသည် ဥ အုလျှင် ၂ လုံးသာ အုသည် ဟုဆိုပါသည်။ ၃ လုံးဆိုလျှင် တစ်လုံးမှာ အမြုတေ ဖြစ်သည်ဟု ဆိုသည်။ ချိုးအမြုတေက မီးကွင်းသည်။ မီးဖြင့်ပေါက်ရသော သေနတ်ပြီးသည်ဟု ယုံကြည်ကြသည်။ စာဖတ်တတ်လာတော့ မောင်ဆွေမင်း ရေးသည့် တွတ်ပီ ကာတွန်းများကို ဖတ်ဖြစ်သည်။ ဇာတ်လမ်း တစ်ခုထဲတွင် ချိုးအမြုတေအကြောင်းဖတ်ရတော့ ကျွန်တော်တို့ဖတ်က ယူဆတာနှင့် သွားတူတာကို အမှတ်ရဖူးသည်။ ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးပါ။
အမြူတေများအကြောင်းပြောရင်းအစွမ်းထက်တာတွေအကြောင်းပြောသည့် ဆရာတစ်ဦးစကားကို အမှတ်တရ ဖောက်သည်ချလိုသည်။ ဆရာပြောပြသည်က ဘိုးတော်အကြောင်း။ လူတွေက ဘိုးတော်ဆီ အဆောင်တောင်းတော့ ဘိုးတော်က ပေးစရာရှာပေးသည်ဟုဆိုပါသည်။ ရေမချိုးတာလည်း ကြာပြီဖြစ်သည့်အတွက် အင်္ကျီထဲ လိုက်နှိုက်လိုက်သည်။ ချိုင်းကြားကို စမ်းသည်။ လက်နှင့် ပွတ်ကြည့်သည် ထွက်လာသည့် ချေးကို လက်နှင့်လုံးကာ အလုံးလေးပြုလိုက်သည်။ ပြီးတော့ အဆောင်တောင်းသူကို တစ်လုံးကြစီ ပေးသည်။ အဆောင် တောင်းသူတို့က တရိုတသေယူကြရှာသည်။ ပုလင်းသေးသေးလေးတွေနှင့်။ နောက်မှ ဘိုးတော်က ပြောသည် ...


"ကဲ ကဲ ဆောင်ထားရင် လေးတယ်"

"ရှူ ရင် နံတယ်"

"ရေစိမ်ပြီးသောက်ရင် သေးပေါက်တယ်"


တောကြား တောင်ကြား ဗဟုဟုတဝေးသေးသော ကျွန်တော်တို့ နယ်သူနယ်သားထံတွင် ယခုထိ ယုံကြည်ကာ စုန်းစာချ၊ တစ္ဆေပစ် ဆိုသည့် ရိုးရာများရှိဆဲ။ စုန်း၊ ကဝေ ၊ တစ္တေ ၊ မှင်စာ ဇာတ်လမ်းများအကြောင်း ... ပြန်ပြောင်း၍ လည်းပြောပါဦးမည် ..
.
.
.
.
မေခွန်း (၁) မိုးကြိုးသွားမြင်ဖူးပါသလား။
မေခွန်း (၂) ချိုးအမြူတေအကြောင်းဘာတွေများ သိထားပါသေးလဲ။
မေးခွန်း (၃) စုန်းအကြောင်း စိတ်ဝင်စားပါသလား။
မေးခွန်း (၄) တစ္ဆေအခြောက်ခံရဖူးပါသလား။ ကြောက်သလား။
.
.
.
.

March 22, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၅)

အင်းတော်ဆိုသည့် နာမည်နှင့်လိုက်အောင် အင်း၊ အိုင် အတော်ပေါပါသည်။ ကျွန်တော့်ဘကြီး အိမ်ရှေ့တွင် မြောင်းရှိသည်။ ၆ ပေလောက်ကျယ်သည်။ ရထားလမ်းကို ပေ ၂၀ ခန့်ရှည်သော တံတားအောက်မှ ဖြတ်စီးသည်။ ထိုတံတားမှာ တံတာတိုလေးသာ။ အင်း၊ အိုင် ပေါသည့် အလျောက် ငါးလည်း အလွန်ပေါသည်။ ငါးကြီးများတော့ မဟုတ်ပါ။ ငါးခူ၊ ငါးရံ့၊ ငါးပြေမ၊ ငါးကျည်း၊ ငါးသလက်ခေါက်၊ ငါးစင်ရိုင်း စသည့်ငါးများ။ ငါးဖယ်လည်းရှိသည်။ နည်းနည်းရှားသည်။
ကျွန်တော် အင်းတော်ရောက်စ ပထမဆုံး ငါးမျှားသည်ကို ခုထိမှတ်မိဆဲ။ ငယ်စဉ်က ကျွန်တော် ငါးမျှားတာ ၀ါသနာ ပါဖူးသည်။ ကျွန်တော့် အစ်ကိုထံမှ ငါးမျှားချိတ်နှင့် ငါးမျှားတံ ရလာသည်ဟု ထင်ပါသည်။ ငါးဘယ်လိုမျှားရမှန်း ကျွန်တော်မသိပါ။ တီကောင်ကို ငါးမျှားချိတ်တွင် တပ်ပြီး ငါးများမြင်နေရသည့်နေရာတွင် ချကြည့်သည်။ ငါးလာမဟပ် သေးပါ။ ကျွန်တော်က စိတ်မရှည်။ လူကြီး သူကြီးပြောသည့် စကားကို အမှတ်ရသည်။ ငါးပွက်ရာ ငါးစားချ ဆိုသည့် စကား။ တကယ်ပင် ကျွန်တော်က ငါးပွက်ရာ ငါးစာလိုက်ချသည်။ အခါ ၂၀ - ၃၀ လောက် လိုက်ချရင်း တစ်နေရာတွင်တော့ ငါးတစ်ကောင် ဆွဲပြေးတော့သည်။ ကျွန်တော်လည်း ငါးမျှားတံကို သုတ် (ဆွဲတင်သည်) တော့သည်။ ငါးတစ်ကောင် ဖပ်လပ် ဖပ်လပ်ဖြင့် ပါလာသည်။ ကျွန်တော့် စိတ်ထင် အတော်ကြီးသည်။ ငါးက စိမ်းပြာပြာ။ ကျွန်တော် ဗန်းမောက်တွင် တစ်ခါမှ မမြင်ဖူး။ ဗန်းမောက်တွင် ကျွန်တော် မြင်ဖူးခဲ့သည်က။ ဖြူဖြူဖွေးဖွေး ငါးခုံးမ၊ ငါးလူး၊ ငါးရံ့၊ ငါးကျည်း၊ ငါးစင်ရိုင်း စသည့် ငါးများ၊ မိုးတွင် အမေ၀ယ်လာတတ်သည့် ငါးပတ် များ။ ခုငါးက စိမ်းပြာပြာ၊ အကောင်က ဆူးတွေနှင့် ကျွန်တော် မကိုင်ရဲ။ ငါးစင်ရိုင်းလို ကိုင်လျှင် အဆိပ်တက်မည်လည်းကြောက်သည်။ ငါးကျည်းတွတ်မိလျှင် မလွယ်။ အီစိမ့်နေအောင် ခံရသည်။ ကျွန်တော်ငါးမျှားတံကြီးအလိုက်မပြေးသည်။ ထိုငါးပြေမသည် ကျွန်တော့် ဘ၀တွင် ပထမဆုံး မျှား၍ ရသော ငါးဖြစ်သည်။ ထို အချိန်က ကျွန်တော်ပျော်ခဲ့ပါသည်။ ငါးကြီးဖမ်းမိ၍။ ခုတော့ ထိုငါးလေး ဘယ်ဘ၀ရောက်နေပြီ မသိပါ။ တိရိစ္ဆာန်ဘ၀မှ လွတ်ပါ ကျွတ်ပါစေဟုသာ ဆုတောင်းလိုက်ပါသည်။ ပြုသမျှကုသိုလ် ကိုလည်း သူ့အား အမျှဝေပါသည်။


ငါးပြေမ



ငါးကျည်း
ငါးစင်ရိုင်း

ငါးခုံးမ



ငါးခူ

ငါးပတ်


ငါးလူး


ငါးဖယ်

ထိုမြောင်းကလေးမှာ မိုးအခါ ရေကြီးသည်။ ရေများက တဟုန်ထိုး။ မိုးတစ်ည ရွာသည်နှင့် အင်းတော်မြို့က ရေနစ်နိုင်သည်။ မိုးတွင်း ရေကြီးသည် ကို နှစ်စဉ်ကြုံသည်။ အင်းတော်သို့ ကျွန်တော်ရောက်စနှစ်များကတော့ နည်းနည်း သက်သာသည်။ ရေစီးရေလာကောင်းသည်ကိုး။ နောက်ပိုင်းနှစ်များတွင် ပိုပိုဆိုးလာသည်။မြောင်းများ ပိတ်ကုန်သည်။ ရှင်းသူမရှိ။ မြောင်းများပိတ်သောကြောင့် ရေများထွက်ပေါက်ပိတ်ကာ အိုင်ဖွဲ့လာပြီး ရေကြီးသည်။ ၁၀ တန်းနှစ်တွင်မူ ရေကြီးလွန်သည့်အတွက် စာသင်ခန်းများအတွင်း ၀င်သောကြောင့် စာမေးပွဲဖြေရက် ကိုပါ ကျောင်းပိတ်လိုက်ရသည်။ ထိုစဉ်က ပထမ အစမ်းစားမေးပွဲ။ သီတင်းကျွတ် ပလ္လင်ဆေးမိုး။

ကျွန်တော့်ဘကြီး အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ်။ ရေစကြီးပြီဆို အိမ်ဝင်းထဲ မြောင်းထဲမှ ရေများလျှံဝင်လာသည်။ ရေကြီးပြီဆိုလျှင် သောက်ရေ နှင့် ထမင်းချက်စရာ သုံးရေက ဒုက္ခရောက်သည်။ ရေတွင်း ဘောင်နိမ့်လျှင် ရေတွင်းမှာ ရေနစ်ပြီး ရေက သုံးမရတော့။ ရေကျလျှင် ရေတွင်း ပက်ဖို့သာပြင်။ အင်းတော်ရေတွင်း များက ရေတွင်းတိုင်းမကောင်း။ ရေဆီများတက်သည်။ ရေစေးတွေ။ ဆပ်ပြာအမြုပ်ကောင်းကောင်းမထွက်။ ရေခပ်ပြီး ပုံးထဲထည့်ထားလျှင် မနက်ဆို အနည်များက ပုံးတွင် အရစ်လိုက်။ ထို့ကြောင့် ရေစစ်ရသည်။ သဲနှင့် ဖွဲပြာ၊ ကျောက်ချဉ် စသည်တို့ဖြင့်။ အင်းတော်တွင် ရေတွင်းနှင့် ရေစစ်ကန်လေးများ တွဲလျက်ရှိတတ်ကြသည်။ ရေကတော့ ပေါပါသည်။ ၈ ပေ ၉ ပေ လောက်ရေတွင်းဆို သုံးမကုန်။

အင်းတော် ရေကြီးသောရက်များက ကျွန်တော်တို့ ကလေးများအဖို့ကတော့ ပျော်စရာကောင်းပါသည်။ ရေထဲဆင်း ရေကူး။ ရေ၀ါဝါ၊ ရေနီနီတွေထဲ။ အမှန်တော့ အိမ်ကြိုအိမ်ကြားမှ စီးလာသည့် အတွက် အီးတုံးများလည်းပါပါသည်။ မြောင်းထဲ ရေကူးနေစဉ် အနီးကပ်လာမှ မြင်မိလျှင်ရှောင်မလွတ်တော့။ လက်နှင့်ကလည်း မကိုင်ချင်။ ဝေးဝေးလည်းသွားလို့မရတော့။ ရှိရာနည်းသုံးရတော့သည်။ ရေငုပ်ကာ ရှောင်လိုက်ရသည်။ အီးတုံးက အပေါ် ကိုယ်ကအောက်။ ပါးစပ်ကို တင်းအောင် စေ့ထားရသည်။ (:P)

ရေကြီးသည့် ရက်များအကြောင်းက စိတ်ဝင်စားစရာကောင်းသည် .. ..... ခုတော့ နားဦးမည် (:D)
.
.

March 16, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၄)

မန်ကျည်းပင်အကြောင်း ဆက်ဦးမည်။ မန်ကျည်းတစ်ညှိုလူတစ်ခို ဟူသော စကားကို ကြားဖူးကြမည်ထင်သည်။ ဆိုလိုသည်မှာ မန်ကျည်းကိုင်းကလေး လက်တစ်ညှိုးစာရှိလျှင် လူတစ်ယောက် တွဲလွဲခိုစီးနိုင်သည်။ ထိုမန်ကျည်းကိုင်း မကျိုးကျဟု ဆိုလိုခြင်းဖြစ်သည်။ ထိုစကား အားကိုးဖြင့် ကျွန်တော်တို့ သူငယ်ချင်း မျောက်လောင်းတစ်သိုက် မန်ကျည်းပင်ပေါ်တွင် စိတ်ထင်သလို ပြေးလိုက်၊ လွှားလိုက် လက်လှမ်းမီရာ မန်ကျည်းကိုင်း ဆွဲလိုက်၊ လွှဲလိုက်၊ ခိုလိုက် ကစားချင်သလို ကစားကြခြင်း ဖြစ်သည်။

မန်ကျည်းသီး သီးစအချိန်မှစ၍ မန်ကျည်းသီးမှည့်ချိန်ထိ တစ်ချိန်လုံး မန်ကျည်းပင်ပေါ် စားစရာမရှား။ စားလို့မကုန်အောင်ပင် မန်ကျည်းသီးကလည်း များသည်။ မန်ကျည်းသီး သီးစတွင် ဆား၊ ငါးပိဖုတ်၊ ငရုတ်သီး တို့ကို ဖက်တွင် ထည့်၍ ထုတ်ကာ မန်ကျည်းပင်ပေါ်တက်။ လက်လှမ်းမှီရာ မန်ကျည်းသီးကိုခူး၊ ဆားငါးပိငရုတ်ရောရာ တို့စရာနှင့် လွေးတော့သည်။ ချဉ်ခနဲ၊ ပူခနဲ၊ စပ်ခနဲ တရှူးရှူး တရှဲရှဲ ပါးတွေ နားရွက်တွေလည်းရဲ၊ နှာရည်တွေလည်း ရွဲကုန်သည်။ ဆွေတွေ မျိုးတွေလည်း မေ့ကုန်သည်။ ခေါင်းထဲရှိသည်မှာ စားကောင်းတာနှင့် နောက် မန်ကျည်းသီး တစ်တောင့် အမြန်ရရေး။

မန်ကျည်းသီး မှည့်ခါနီး အချိန် ကြက်ဆူ လား ကြက်ချူ လား ကျွန်တော် သေချာမကွဲပါ။ ထိုအချိန် မန်ကျည်းသီးကို ခေါ်သည်။ မန်ကျည်းသီး အသားက ချိုလာသည်။ မန်ကျည်းသီး အခွံက အသားနှင့် သိပ်မကပ်တော့။ လက်နှင့် ခွာလို့ရသည်။ မန်ကျည်းသီးတောင့်လေးများကို လက်သည်းခွံလေးဖြင့် လိုက်ခြစ်ကာ ကြက်ဆူ ဖြစ်မဖြစ်ရွေးရသည်။ ကြက်ဆူ မဟုတ်သေးလျှင် လက်သည်းဖြင့် မန်ကျည်းသီး ခွံကို ခြစ်လိုက်လျှင် စိမ်းနေပြီး၊ ကြက်ဆူဖြစ်ပြီးဆိုလျှင် သိပ်မစိမ်းတော့။ မန်ကျည်းသီး အပြင် အခွံအရောင် နီးပါ အရောင်ရင့်လာသည်။ ၀ါညိုရောင်ဖက်လုလာသည်။ ထို အချိန် မန်ကျည်းသီးက စားလို့ အလွန်ကောင်းသည်။ ဆား၊ငရုတ်သီးတို့ မလိုတော့။ ချဉ်ချိုလေးဖြစ်သည်။ မန်ကျည်းစေ့မှာလည်း အတော်ရင့်နေပြီ ဖြစ်သည်။ နီညိုရောင်သို့ ပြောင်းစပြုနေပြီ။ ရင့်စ မန်ကျည်းစေ့လေးများကို သွားဖြင့်ကိုက်ကာ အခွံခွာပြီး အတွင်းမှ မန်ကျည်းစေ့သားလေးကို စားရသည်ကလည်း အတော်ဆိမ့်သည်။ အခွံခွာစဉ်တော့ အတော်ဖန်သည်။

မန်ကျည်းသီး မှည့်ချိန်ရောက်လျှင် အခြား ရှဥ့်တို့ ဘာတို့ကလည်း အနည်းငယ်လာစားကြပြီ။ ချိုလာပြီးကိုး။

ကျွန်တော်တို့ဖက်တွင်တော့ မန်ကျည်းသီးကို မုန်ညှင်း အချဉ်ရေကျိုရာတွင် အသုံးများသည်။ အလွန်လိုက်ဖက်သည့် အတွဲ။ မိုးရာသီ ဖြစ်သည့် အတွက် တောင်သူတို့ သဘာဝ လယ်တောထဲက ရသည့် ပုစွန်လုံးကလည်းပေါသည်။ မုန့်ညှင် အချဉ်ရေကျိုတွင် ပုစွန်လုံးခတ်ပြီးစားလျှင် မလွန်ချိုသည်။ သင်္ဘောသီး အချဉ်ရေကျို ဆို ပိုတောင် ကောင်းသေးသည်။ ပုစွန်လုံးများများနှင့်။ မန်ကျည်းသီးများများ။ ပုစွန်ဆီများက သင်္ဘောသီး အချဉ်ရည် ဟင်ရည်ပေါ်တွင် ဝေ့နေသည်။ မန်ကျည်စေ့ ရင့်စတို့က ပြုတ်ထားသောကြောင့် အခွံတို့ ကွာလျက် အတွင်းသား မန်ကျည်းစေ့ကို စားရုံ။ ထမင်းစားပြီးလျှင်။ ဟင်းအိုးထဲ၍ ကျန်နေသော မန်ကျည်းစေ့ များကို အကုန်စုကာ သွားရည်စာ အဖြစ်စားနိုင်သည်။ ဆား၊ ငါးပိ အရည်တို့ကလည်း စိမ့်ဝင်လျက် အလွန် ဆိမ့်သက်သည့် သွားရည်စာ။

မန်ကျည်းသီး အစိမ်းဘ၀တွင် လုပ်စားသည့် မန်ကျည်းသီး အပိန်ချက်။ မန်ကျည်းသီးထောင်း များမှာ အလွန်ကောင်းသည်။ မန်ကျည်းသီးထောင်းနှင့် ပုစွန်ဆီချက်ကတော့ ထမင်းစားလျှင် ထောင်းသိပ်သလို ၀င်သည်။

မန်ကျည်းသီးထောင်းပုံကတော့လွယ်ပါသည်။ မန်ကျည်းသီးကို ရေဆေး၊ အစေ့ထည့်ပြီးဆိုလျှင် အစေ့ကို ထွင်ရသည်။ အစေ့ပါက အလွန်ဖန်သည်။ ငရုတ်သီးထည့်သည်။ ဆားကိုတော့ နောက်ဆုံးမှ ထည့်သည်ထင်သည်။ စောစောထည့်လျှင် မန်ကျည်းသီးထောင်းမှာ ရဲပဒေါင်းထနေပြီး ဘယ်လိုမှ ကြည့်မကောင်းတော့။ အချိုမှုန့်ထည့်လား မထည့်လား မမှတ်မိတော့ပါ။ ထောင်ပြီးလျှင် အသင့်စားရုံပင်။ ကြော်ပြီးမှ စားလိုလျှင်လည်း ကြော်လိုက်ရုံပင်။ ချက်၍ စားလိုသည်ဆိုပါကလည်း ချက်ရုံပင်။

ပုစွန်ဆီဖြင့် ချက်ရန်ကတော့ ပုစွန်ဆီရရန် ပုစွန်လုံး အတော်များများကိုအစိမ်းရမှ ဖြစ်မည်။ ပုစွန် အခွံကို ခွာလိုက်လျှင် ပုစွန်အဆီ ၀ါဝါလေးများကို တွေ့ရမည်။ ထို ပုစွန်ဆီများကို ပုစွန်လက်မလေးဖြင့် ခြစ်ချရသည်။ တော်တော်များများ စုမိတော့မှာ မန်ကျည်းသီးထောင်းဖြင့်ရောပြီးချက်သည်။

ပုစွန်းလုံးနှင့် ရောပြီး ညက်အောင်ထောင်းကာ ပုစွန် မန်ကျည်းထောင်းကလည်း အတော်ကြီးကို စားကောင်းသည်။ ဤဟင်းလျာများကား တောင်သူများ၏ နတ်သုဒ္ဓါများတည်။


March 15, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၄)

ကျွန်တော်ပညာရင်နို့သောက်စို့ခဲ့ရာ အင်းတော် အထက ကျောင်းသည် ကျွန်တော့် ဘကြီးကံ (ကျွန်တော်ခေါ်သလိုရေးသည်) အိမ်နှင့် သိပ်မဝေးလှပါ။ ကျောင်းဝင်းနှင့် မီတာ ၁၅၀ လောက်သာ ဝေးပြီး၊ ကျောင်းတံခါးပေါက်ဝ နှင့်တော့ မီတာ ၃၅၀-၄၀၀ လောက် ဝေးမည်ထင်ပါသည်။ ကျွန်တော်ရောက်စ ကျောင်းစနေချိန်တွင် မြ၀တီဆောင်၊ န၀ဒေးဆောင်၊ ဓာတုကလျာဆောင်၊ နတ်သျှင်နောင်အဆောင် စသည်တို့ရှိသည်။ အုတ်နံကပ် သွပ်မိုး ၂ ထပ်ဆောင်များ။ ကျောင်းဆောင်များ၏ အလယ်တွင် ဘောလုံးကွင်းကြီးရှိသည်။ မြက်ခင်းပြင်စိမ်းစိမ်း၊ ညနေ နေအေးချိန်တွင် ကစားလို့အလွန်ကောင်းသည်။
ကျောင်းဝင်းတောင်ဖက် (မျက်နှာစာဖက်)ရှိ လမ်းဘက်အခြမ်းဖက်စည်းရိုး အလယ်တွင် ကျွန်တော်တို့ အခေါ် ရေပြွတ်ပင်ရှိသည်။ ထိုအပင် ပွင့်ခါနီး ဖူးလျှင် အဖူးတွင် ရေများစုနေသော အသီးလို ဖောင်းဖောင်းဖုဖု လေးတစ်ခုရှိသည်။ အပွင့်တစ်ခိုင် တစ်ခိုင်တွင် ထိုအဖုလေးများ ၆ ခု ၇ ခု လောက်ပါသည်။ ထိပ်ပိုင်းလေးကို လက်သည်းဖြင့် ဆိတ်ဖြတ်ပြီး နောက်လိုသည့် သူငယ်ချင်း မျက်နှာရှေ့တည့်တည့် လက်ညှိုးနှင့်လက်မ အားသုံးကာ ဆတ်ခနဲ ညှစ်ချလိုက်ရုံပင်။ မျက်နှာတွင် ရေအေးအေးထိကာ လန့်သွားတတ်ကြသည်။ အနောက်သန်သော သူငယ်ချင်းတစ်ယောက်ကတော့ ရေပြွတ်သီး ခပ်ကြီးကြီးလေးရွေးကာ ထိပ်ပိုင်းဆိတ်ဖြတ် အသေအချာပြင်ပြီး၊ ရှိုးအခန့်သာဖြင့် ပဲများလာသည့် အစ်ကိုကြီး တစ်ယောက်ကို နောက်မှ တိတ်တိတ်လိုက်ကာ ရေပြွတ်သီးဖြင့် တိတ်တိတ် သွားပန်းထားလိုက်သည်။ ထိုအစ်ကြီးက ကျောင်းသူတွေရှေ့ ဖြတ်အလျှောက်၊ သေးစိုနေသော ပုဆိုးကို ကြည့်ကာ ကျောင်းသူ အစ်မများက ပြုံစိစိ။ ကျွန်တော်တို့ အဖွဲက ဘုမသိ၊ ဘမသိ။ ယခုထိ ဖင်စိုအစ်ကို ကြီးကို သူတို့ အမှတ်ရနေကြပေဦးမည်။
ကျွန်တော် အင်းတော်ရောက်စတွင် သူငယ်တန်း၌ စနေရသည်ကိုပြောဖူးသည်။ ထို ကျောင်းဆောင်မှာ သစ်သားဆောင်။ သစ်သားကြမ်းခင်း။ ကြမ်းများက ကျဲသည်။ ထို့ကြောင့် ခဲတံ၊ ကျောက်တံ၊ ခဲဖျက်၊ ပေတံ များ ကြမ်းအောက်တွင် အလွန်ပေါသည်။ ၆ နှစ် ရ နှစ်သားကလေးများ လေးဖက်ထောက် ၀င်ရသည် ဆိုတော့ ကြမ်းခင်းက အလွန်နိမ့်ပါသည်။ ကျွန်တော် တစ်ခေါက် ထို အောက်ထဲဝင်ဖူးသည်။ အမှိုက်များကလည်း ပွနေသည်။ လေးဖက်ထောက် ၀င်ရတော့ ကြာလျှင် ညောင်းလာပါသည်။ ခါးဆန့်ချင်လို့လည်း ဆန့်လို့မရ။ နည်းနည်းလေ ခေါင်းမော့လိုက်လျှင် ကြမ်းနှင့် "ဒုန်း" ခနဲ နေအောင် ဆောင့်မိတော့သည်။ စိတ်က သိပ်မရှည်နိုင်။ လေးဖက်ကုန်းလည်း ကြာကြာ မလျှောက်နိုင်ပါ။ စိတ်ကျဉ်းကြပ်လာသည်။ ထိုကျောင်းဆောင် အောက်ထဲ တစ်နေကုန်သာ လေးဖက်ထောက်နေရလျှင် စိတ်ညစ်တာ၊ ညောင်းတာနဲ့တင် သေနိုင်သည်။

March 12, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၃)

ကျွန်တော်တို့မြို့ကလေးတွင်းသို အင်းတော်-ဗန်းမောက် ကားလမ်းသည် အရှေ့မှအနောက်သို့ ဖြတ်လျက် ဖောက်ထားသည်။ မြို့တွင်း လမ်းဘေးဝဲယာတစ်လျှောက်တွင် မြက်ခင်းများ ဖုံးလွှမ်းနေလေ့ရှိပါသည်။ လမ်းနေရာတွင် မြင့်နေပြီး ဘေးဖက်တွင် နိမ့်သည်။ ကျွန်တော်ငယ်စဉ်ကတော့ဘေးတစ်ဖက်တစ်ချက်တွင် လယ်ကွင်းများရှိသည်။ အောင်သာကုန်းမှာ ကျေးရွာအဆင့်၊ ဗန်းမောက်မြို့မနှင့် အောင်သာကုန်းကျေးရွာသည် တစ်ဆက်တည်း မဟုတ်သေး။ အောင်သာကုန်းကျေးရွာလွန်လျှင် လယ်ကွင်းပြင် အတော်ကျယ်ကျယ်ကို ဖြတ်ရသည်။ နောက်မှ ဗန်းမောက်မြို့မသို့ ရောက်သည်။ စစချင်း မီးစက်ဝင်း။ ပြီးလျှင်ဈေး။ ပြီးမှ ဆေးရုံဝင်း၊ ကျောက်တိုင်ကွင်း။ ပြီးမှ မြို့မ ဆိုသည့် မြို့ထဲရောက်သည်။

လမ်းဘေးတွင် စီလျှက်စိုက်ထားသည့် ယူကလစ်ပင်များကို မှတ်မိသည်။ နောင်တွင် လေဒဏ်ခံနိုင်သော အပင်များမဟုတ်သည့် အတွက် လေမုန်တိုင်းကျစဉ် အကုန်လဲကျ ကုန်သည်။ ပင်စည်ဖြူဖြူနှင့် ယူကလစ်ပင်တစ်ပင် ကျွန်တော်တို့ အိမ်ဝင်း အတွင်း၌လည်းရှိသည်။ အရွက်ရှည်ရှည်းများက တွဲရရွဲကျနေသည်။ လေတိုက်လျှင် ယိမ်းနွဲ့လှုပ်ရှားနေတတ်သည်။ အရွက်များကို ခူးပြီး ပွတ်ချေကြည့်လျှင် စူးရှရှ အနံ့ရသည်။ ပရုတ်ဆီလုပ်ရာတွင် သုံးသည်ဟု ပြောတာကြားဖူးသည်။ ဟုတ်မဟုတ်မသိပါ။ ငယ်စဉ်ကြားဖူးတာ မှတ်မိ၍ ဖောက်သည်ချခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ အိမ်နောက်ဖေးအရှေ့မြောက်ဖက်ထောင့်တွင် ကုက္ကိုပင်ကြီးများရှိသည်။ ရွာဖက်မှ လှည်းများ စခန်းချနားကြတာကို မှတ်မိသလိုရှိသည်။ ကုက္ကိုရွက်များသည် ညနေပိုင်တွင် အလိုလို ပိတ်လျှက် အိပ်သွားတတ်ကျပြီး။ မနက်စောစောပြန်ထနေကြသည်သည်။ ဘယ်အချိန်ပြန်ထနေကြသည်ကို သတိမပြုမိပါ။ ညနေဆို အရွက်ကလေးများပိတ်ပြီး အိပ်သွားတာကတော့သေချာပါသည်။ မနက်စောစော ဘယ်အချိန်ပြန်ထသည်ကိုတော့ စောင့်ကြည့်ရဦးမည်။ ကုက္ကိုပွင့်လေးများသည် အနီရောင် အမွေးလေးများဖြင့် အတော်လှပါသည်။ အပင်ကြီးလာလျှင် အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေသောကြောင့် ညရောက်လျှင် ကုက္ကိုပင်အောင်၌ မှောင်မိုက်နေတတ်သည်။ ထို့ကြောင့် ကုက္ကိုပင်အုပ်ရှိလျှင် တစ္ဆေ၊ မှင်စာ နေသည်ဟု ဆိုကာ ကြောက်တတ်ကြသည်။ တခါတခါ ညည ဇီးကွက်များလာလာအော်တတ်သည်။ ကျွန်တော်မှတ်မိတာ တစ်ခုက အိမ်တွင် သုံးရန်အတွက်လိုသောဝါးများကို ထိုကုက္ကိုပင်ကြီးကို မှီလျက် ထောင်ပြီးစီထားသည်ကို ဖြစ်သည်။ ကုက္ကိုရွက်ကို ဟင်းချိုချက်၍ သောက်သည်ဟု ထင်ပါသည်။ ယခုနောက်ပိုင်းစားသည်ကို မမှတ်မိပါ။ ကုက္ကိုပင်ပဲ အနီးနား မရှိလို့လား။ ဘာလား မသေမချာ။

ကျွန်တော်တို့အိမ်မှာတဲကုပ်လေးဖြစ်သည်။ မြေနှင့် တံတောင်လောက်အကွာကြမ်းခင်းထားပြီး သက်ငယ်မိုး ထရံကာဖြစ်သည်။ အိမ်၏ အနောက်ဖက်တည့်တည့်တွင် ဇရပ်ရှိသည်။ နာရေးကိစ္စများ လာလာလုပ်တတ်သည်ကို မှတ်မိသလိုရှိသည်။ ဇရပ်၏ တစ်ဖက်တွင် ဆက်ရက် အိမ် ၂ အိမ်ရှိသည်။ တစ်အိမ်က ကျွန်တော့မူလတန်း ကျောင်းအုပ်ဆရာကြီးအိမ်။ ဆရာကြီးသား အငယ်ကောင်နှင့် ကျွန်တော် က သူငယ်ချင်း။ ထိုဇရပ်ပေါ်တွင် သူနှင့် အတူတူ တစ်ခေါက်တော့ သွား ကစားဖူးသည်။ ဇရပ်တွင် မီးသွေးခဲ၊ မြေဖြူခဲများဖြင့် ရောက်တတ်ရာရာ စာများလျှောက်ရေးထားတာကို တွေ့သည်။ စာသားများကို တော့ မမှတ်မိတော့ပါ။ နောက်တစ်အိမ်က ကျွန်တော့ နှင့် သိပ်မခင်သော မိသာတစ်စု အိမ်။ ငယ်ငယ်ကတော့ ထိုဇရပ်ကို အလွန်ကြောက်သည်။


ကျွန်တော်တို့ အိမ်ရှေ့တွင် သြဇာပင်လေးများရှိသည်။ သြဇာသီး သီးချိန်ဆိုလျှင် သြဇာသီးမှည့် ရှာရသည်မှာ အလွန်ပျော်စရာ ရင်ခုန်စရာကောင်းသည်။ ရင့်ပြီးမှည့်လာသည့် သြဇာသီးက နည်းနည်းအာလာပြီး အဖြူရောင် အကြောင်းကလေးပေါ်လာသည်။ နီညိုရောင်ရှိသည့် ရွှေသြဇာသီးတော့မဟုတ်ပါ။ အစိမ်းရောင် သြဇာသီးများဖြစ်သည်။ မနက် မနက်တွင် သြဇာသီးပင်လေးနားသွားပြီး သွားဖြဲပြနေသည့် သြဇာသီးလေးများကို လိုက်ချောင်သည်။ တွေ့လျှင် ရွရွလေး လက်ကလေးဖြင့် သာသာလေးသွားညစ်ကြည့်သည်။ အိဝင်သွားလျှင် ဖွဖွလေး ခူးလာပြီး အဖွားကိုပေးသည်။ အဖွားက ဆွမ်းတော်တင်သည်။ ဆွမ်းတော် ကျလျှင်တော့ ကျွန်တော်တို့ အစာ။ (:P) ပထမဆုံးမှည့်သော သြဇာသီကို ဆွမ်းတော် တင်ခြင်း ဖြစ်သည်။ နောက် အသီးများကတော့ ဦးသူ တွယ်စတမ်း။ (:D) အသားချိုချို သြဇာသီးကို သင်ရော မလွမ်းပေဘူးလား။ စာပြီးသည့် သြဇာသီးအစေ့လေးများကို နောင်မျိုးဆက်အတွက် ခြံစည်းရိုးတစ်လျှောက် လိုက်စိုက်ရသည်ကလည်းပျော်စရာ။ သြဇာစေ့ကလေးများကို ဇယ်တောက်တမ်း ကစားရာတွင် သြဇာစေ့ဇယ်လေးများ အဖြစ်သုံးကာ ကစားကြသည်။ သြဇာစေ့ဇယ်တောက်ပုံကို သင်သိပါ၏လော။ မြေတွင် ၃ လက်မလောက်အကျယ် ၃ လက်မလောက် အနက် မြေကျင်းကလေးတူးပြီး လက်ညိုးကလေးဖြင့်တောက်ကာ ကျင်းကလေးထဲ ၀င်အောင် တောက်ကာ ကစားရသည်။ တစ်ယောက် ကို သြဇာစေ့ ၂၀ ဆို ၂၀၊ ၃၀ ဆို ၃၀ အတူတူ ထည့်ပြီး။ အားလုံးပေါင်းကာ လက်ဝါးတစ်ဖက်ထဲထည့်ပြီး။ ကျန်လက်ဝါး တစ်ဖက်ဖြင့် မြေကျင်း ကလေးကို အုပ်ထားကာ ထိုကျင်းကလေးအနီး သြဇာစေ့ကလေးများကို ဖြူးလိုက်သည်။ ထိုအချိန် သြဇာစေ့ကို ကျင်းထဲမကျစေရ။ ကျလျှင် နောက်လူအလှည့်။ လက်ကလေးဖြင့် အုပ်ထားသည့် အတွက်မကျပဲရှိနေသည့် သြဇာစေ့ကလေးများကို တစ်စေ့ချင်း လက်ညိုးကလေးဖြင့် တောက်ကာ ကျင်းကလေးကို လက်ကလေးဖြင့်ဝိုက်လျက်အုပ်ထားပြီး မန်ကျည်းစေ့ ၀င်သာရုံ လက်ကလေးဟပေးပြီး ၀င်အောင် သွင်းရသည်။ တစ်ခါ တောက်လျှင် တစ်စေ့ပဲဝင်ရသည်။ ၂ စေ့ကျလျှင် နောက်လူအလှည့်။ ၁ စေ့မှ မ၀င်လျှင်လည်း နောက်လူကို အလှည့်ပေးရသည်။ ကျင်းထဲတောက်ထည့်၍ ၀င်သမျှကို ထိုအလှည့် ပိုင်ရှင်က ယူရသည်။ ကျင်းထဲမကျပဲကျန်သည့် အစေ့များကို နောက်လူက အကုန်သိမ်းယူပြီး သူ့လိုပင် ကျင်းကလေးကို လက်ကလေးဖြင့် အုပ်ကာ သြဇာစေ့ကို ဖြူးသည်။ လက်ဖြင့်တောက်သည်။ ကျသမျှ သူ့သြဇာစေ့ ထိုနည်းအားဖြင့် တလှည့်စီ။ နောက်ဆုံး တူတူထည့်ထားသည့် သြဇာစေ့များ ကုန်သည်ထိ။ သြဇာစေ့များ ကုန်သွားလျှင် နောက်တစ်ကြိမ်ပြန်ထည့်၊ နောက်တစ်ခါပြန်ကစား။ သြဇာစေ့ဇယ်တောက်ကြေး သင်ကစားဖူးပါရဲ့လား။ ရှိသည်ကိုရော ကြားဖူးပါရဲ့လား။
ကျွန်တော် ငယ်ငယ်က ကြက်တူရွေးလေးမွေးစဉ် ထို သြဇာပင်လေးများပေါ်တွင် တင်ထားတတ်ပြီး။ ကြက်တူရွေးလေး၏ "တတဲ့တဲ့" အော်သံကို ကြားယောင်မိသည်။ ခေါင်းကလေးညိမ့်ကာ ညိမ့်ကာဖြင့် အစာတောင်းတတ်သည်။ ကြက်တူးရွေးလေးများကို ကျွန်တော် အလွန်ချစ်သည်။ ငယ်စဉ်က ၂ ကောင် ၃ ကောင်လောက်မွေးဖူးသည်။ ယခုတော့ မမွေးလိုပါ။ သနားပါသည်။ လွတ်လပ်စွာ ပျံသန်းမြူးထူးနေသော ငှက်ကလေးများကို ကျွန်တော် ပိုချစ်ပါသည်။ လွတ်လပ်စွာပျော်ရွှင်နေခြင်းကို ပိုအားပေးသည်။ အားလည်းကျမိသည်။

မန်ကျည်းပင်လေးတစ်ပင်လည်းရှိသည်။ ထိုသြဇာပင်လေးများ အနားတွင်ပင်ဖြစ်သည်။ ထိုမန်ကျည်းပင်မှာ ငယ်သေးသောကြောင့် အသီးမသီးသေးပါ။ မန်ကျည်းရွက်တော့ပေါသည်။ မန်ကျည်းရွက်နုကလေးများသည် စားသောက်ဖွယ်ရာဟင်းတမယ်။ သရေစာအဖြစ်လည်း စားနိုင်သည်။ ကျွန်တော်တို့ဖက်တွင် ချက်လေ့ရှိသည့် မန်းကျည်းရွက်နု ဟင်းလေးများကို ပြောပြမည်။

မန်ကျည်းရွက်ဟင်းချို - မန်ကျည်းရွက်က အချဉ်၊ ကျွန်တော်တို့က ဟင်းချိုလုပ်သောက်သည်။ ဆန်းတော့ အဆန်းသား။ ပွက်ပွက်ဆူနေသည့် ရေနွေးထဲ၊ ကြက်သွန်ဥနီ ၃-၄ လုံး၊ ဆား၊ အချိုမှုန့်များများထည့်ပြီး အရင်ကျိုထားနှင့်သည်။ မန်ကျည်းရွက်နုလေးအများကို ခူးရေဆေးပြီး၊ ထည့်လိုက်သည်။ မန်းကျည်းရွက်စိမ်းလေးသည်။ အစိမ်းရောင်သည် အ၀ါရောင်ပြောင်းသွားသည်။ ဟင်းချိုအဖြစ်စားရုံပင်။
မန်းကျည်းရွက်သုပ် (အကျက်) - မန်ကျည်းရွက်နုလေးများကို ရေနွေးပူပူဖြင့်စိမ်ထားလိုက်သည်။ ၅ မိနစ်လောက်နေတော့ ကျက်ပြီ။ ထိုမန်ကျည်းရွက်ကို ပဲခြမ်းကြော်၊ ကြက်သွန်ဆီချက်၊ ဆား၊ အချိုမှုန့် ထည့်ကာ ရောနှယ်သုပ်ကာ စားသည်။

မန်ကျည်းရွက်သုပ် (အစိမ်း) - မန်းကျည်းရွက်နုနုလေးများကို ခူးသည်။ ရေမဆေး။ ကုလားပဲခြမ်းကြော်ကို ထောင်းပြီးထည့်သည်။ ဆားထည့်သည်။ ဆီနည်းနည်းလေးထည့်သည်။ ဆား၊ အချိုမှုန့်ထည့်။ မန်းကျည်းရွက်စိမ်းထဲ ရောထည့်သည်။လူကြီးတွေကတော့ ဆုံတွင် ထောင်ပြီး စားကြသည်။ ကျွန်တော်တို့ကလေးများကစားရင်း ထောင်းပုံကတော့ ဆန်းသည်။ မန်ကျည်းရွက်နှင့် အဆာပလာ အရောအနှောကို ဖက်ဖြင့်ထုပ်သည်။ နောက်ဖက်အပြင်ဖက်မှ ပလပ်စတစ်ဖြင့်ထုတ်သည်။ နောက် အ၀တ်ဖြင့်ထပ်ထုပ်သည်။ နောက် မြေကြီးတွင် ကျင်းကလေးတူးပြီး မြေမြုပ်သည်။ ကလေးများ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ လုပ်ပြီး ထို မန်ကျည်းရွက်ထုပ်ကလေးမြုပ်ထားသည့် မြေကျင်းလေးကို တစ်ယောက်တစ်ချက် ပြေးရင်း လွှားရင် ကစားရင်း ဖနောင့်ဖြင့် ပေါက်ကြသည်။ အတော်ကြီးကြာအောင်ကစားသည်။ ကစား၍ လည်းမော၊ ဗိုက်ကလည်း ဆာလာသည့်အခါ အားလုံး နားကြပြီး။ ကျင်းထဲမြုပ်ထားသည့် မန်းကျည်းရွက်ထုပ်ကလေးကို ဖော်သည်။ အထုပ်ကိုဖြေသည်။ စိစိညှက်ညှက် ကြေနေပြီ။ ဆီများရွဲလျက်။ ဆား၊ အချိုမှုန့်ကလည်း သမလျက်။ တစ်ယောက်တစ်လက် လက်ကလေးများကို ဖုန်ဖက်ခါးပြီး လုစားကြတော့သည်။ မြိန်လိုက်၊ စားကောင်းလိုက်သည့် ဖြစ်ခြင်း။

မန်ကျည်းရွက်အချဉ်ချက် - မန်ကျည်းရွက်နုနုများကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်၊ အချိုမှုန့်၊ င်္ဆိ၊ ဆီ သင့်တော်သလိုထည့်ပြီးချက်သည်။ ထမင်းစာ၍ အလွန်မြိန်သည်။ ထမင်းစားကောင်းစေသည့် ဟင်းတစ်ခွက်။
မန်းကျည်းသီးဟင်းများအကြောင်း ကျန်သေးသည်။ စားလိုသူရှိလျှင်တော့ရေးဦးမည်။ မန်ကျည်းပင်လာ ဟင်းမျိုး ၁၀၀ ဟူ၍ ......



ကျွန်တော် ၄ နှစ်သားလောက်ထိ ထိုအိမ်တွင် နေရသည်ထင်သည်။ နောက်ပိုင်း ကျွန်တော်တို့ အိမ်ပြောင်းရသည်။

March 11, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၃)

ကျွန်တော်နေသော ကျွန်တော်၏ ဘကြီးကံညွန့်အိမ်မှာ အောင်မေတ္တာရပ်ကွက်တွင်ရှိသည်။ မန္တလေး-မြစ်ကြီးနား မီးရထားသံလမ်းဘေးတွင်ရှိသည်။ ကိုက် ၂၀ လောက်သာဝေးမည်။ ဘူတာနှင့်လည်း သိပ်အလှမ်း မကွာလှပါ။ ရထားဥသြသံကြားမှပြေးသွားလျှင်ပင် ရထားမီသည်။ အင်းတော်မြို့သို့ရောက်စ ရထားဥသြဆွဲသံကြားလျှင် ရထားမျှော်ရသည်က အလုပ်တစ်ခု ဘယ်လို ရထားမျိုးလဲဆိုတာကို မြင်လို၍ ဖြစ်သည်။ အမြန်ရထား၊ စာပို့ရထား၊ ကုန်ရထား၊ သစ်လုံးရထား ထိုရထားများက ကျွန်တော် အင်းတော်ရောက်ကာစ မန္တလေး-မြစ်ကြီးနား ပြေဆွဲနေသည့် ရထားများ။


ကျွန်တော် အင်းတော်ရောက်တော့ မီးသွေးဖြင့်မောင်းရသည့် မီးသွေးခေါင်း (ရေးနွေးငွေ့အင်ဂျင်သုံးစက်ခေါင်း) များမရှိတော့ပါ။ ဒီဇယ်ရထားခေါင်းများဖြင့် ပြေးဆွဲနေပါပြီ။ ရထားတွဲများမှာ အဖြူကိုထည်အောက် အနက်စင်းများဖြစ်သည်။ စက်ခေါင်းကတော့ နီညိုရောင်ထင်သည်။ ယခုထိ (၂၀၀၈) ပြေဆွဲနေသေးသော စက်ခေါင်းများပင်။


မနက် မနက် ရထားတက်လာလျှင်ဖြစ်စေ၊ ဆင်းလာလျှင်ဖြစ်စေ ဥသြသံကြောင့်နိုးလာလေ့ရှိသည်။ မန္တလေးမှ မြစ်ကြီးနားခရီးသည် အတက်ဖြစ်သည်။ အဆန်ရထားဟုခေါ်သည်။ မြစ်ကြီးနားမှမန္တလေး ဆင်းလာသည့်ရထားကို အစုန်ရထားဟုခေါ်သည်။


ထိုစဉ်က မနက် မနက်တွင် အချိန်မှန်ပေါ်လာတတ်သည့် စာပို့ရထားကြီးကို မှတ်မိသည်။ စာတိုက်တွဲတွင် အနီရောင် ဆေးသုတ်ထားသည်။ ကျန်သည့်တွဲများက အဖြူနှင့်အနက်မို့ စာတိုက်တွဲကို သိသာထင်ရှားစေသည်။ စာပို့ရထား၏ သင်္ကေတလည်းဖြစ်သည်။


ရထားဘူတာသို့အ၀င်တွင် လမ်းခွဲပေးသောပွိုင့်မှာ ဘကြီးသို့အိမ်နှင့် သိပ်မဝေးပါ။ မီတာ ၁၀၀ လောက်သာရှိမည်။ ထို့ကြောင့် အလံနီပြလျှင် ရထားမ၀င်ရ။ အစိမ်းပြလျှင် ရထားဝင်ရသည်။ ဤလောက်ကိုတော့ ထိုစဉ်ကတည်းက သိရသည်။ ညဆိုလျှင် မီးစိမ်း၊ မီးနီပြသည်။


ထိုပွိုင့်မှ လမ်းလွှဲပေးလိုက်လျှင် လိုင်း ၁၊ လိုင်း ၂၊ လိုင်း ၃၊ လိုင်း ၄ အစရှိသဖြင့် လမ်းကွဲကာ ၀င်သွားသည်။ ကုန်ရထားများ၊ သစ်ရထားများ အတင် အချ ပြုလုပ်ရာတွင် ထိုလိုင်းခွဲများကို သုံးသည်။ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်ဖြင့် ရထားတွဲများကို စီသည်။ ထိုစဉ်က ကုန်ရထားများမှာ အတော်ကြီးကိုရှည်သည်။ တွဲ ၂၀ နီးနီးပင်ရှိမည်ဟု ထင်ပါသည်။ ကျောင်းအားသည့် နေများဆိုလျှင် ကျွန်တော် ကုန်ရထားတွဲစီသည်ကို တမေ့တမော ငေးကြည့်နေတတ်ခဲ့ပါသည်။


ကျွန်တော်ရောက်စက အင်းတော်ရထားလမ်းသည် မြင်ရသမျှ အတော်ကြီးကို သပ်ရပ်ပါသည်။ လမ်းဘေးချုံများမရှိပါ။ လမ်းဖြောင့်ပါက မိုင်အတော်ဝေးဝေးထိမြင်ရသည်။ နောက်ပိုင်း ကျွန်တော် တက္ကသိုလ်တက်သည့် အချိန်တွင်မှု လမ်းဘေးချုံမှ သစ်ခက်များက ရထားပြတင်းထဲထိုးဝင်နေသည်။ အဆိပ်ရှိပိုးမွှားမရှိသည့် အတွက် ကံကောင်းသည်။ ဆူးတော့ကြောက်ရသည်။ ရထားအရှိန်ဖြင့် ဆူးခြစ်ခံရပါက လွယ်မည် မဟုတ်ပါ။


ရထားသံလမ်းထဲတွင် မြက်ပင်များမတွေ့ရပါ။ သန့်ရှင်းသပ်ရပ်နေပါသည်။ ရထားလမ်းအောက်ခံ ဇလီဖားတုံးလေးများပေါ် ခြေလှမ်းကာ လှမ်းကာလျှောက်ရသည်က ပျော်စရာကောင်းသည်။ ငယ်စဉ်ကတော့ ဖားတုံးပေါ်မှ မကျအောင် လျှောက်ရသည်ကပင် အနုပညာ။ နောက်တော့ အဆင်ပြေလာသည်။ မြန်မြန်သွက်သွက်လျှောက်တတ်လာသည်။ သံလမ်းပေါ် မျဉ်းတစ်ဖြောင့်တည်းလျှောက်ရသည်ကလည်း စိတ်လှုပ်ရှားစရာကောင်းသည်။ ကျွန်တော်တူ ဖိုးနီနှင့်အတူ သံလမ်းပေါ် မကျတမ်းလမ်းလျှောက်ပြိုင်ရသည်ကို အမှတ်ရသည်။


ဖိုးနီသည် ကျွန့်တော့်ထက်အသက်ကြီးသည်။ သို့သော် ကျွန်တော်က ၀ါကြီးသည်။ သူက ကျွန်တော့ မမကြီး ခင်သိန်းကြည်၏သား ကျွန်တော့်နှင့်ဆို တူဝရီးတော်သည်။ ကျွန်တော်က ဦးလေး၊ သူက တူ။ ဖိုးနီက ကျွန်တော့်ထက် ၁ နှစ်ကြီးသည်။ ၁ တန်းကြီးသည်။ ကျောင်းမတူပါ။ သူက အင်းတော် အောင်မေတ္တာရပ်ကွက် မူလတန်းကျောင်းကလေးတွင် တက်သည်။ ကျွန်တော်က အင်းတော် အထက်တန်းကျောင်းတွင် တက်သည်။ သူ ၄ တန်း အောင်၍ ၅ တန်းရောက်လာမှ ကျွန်တော်နှင့် ကျောင်းတူသွားသည်။ စာအတော်ကျက်သူဖြစ်သည်။ သူစာကျက်၍ ကျွန်တော်လိုက်ကျက်သောကြောင့် စာတွေရတာလည်းပါမည်။ စာမေးပွဲဖြေပြီး အမှတ်ထွက်လာလျှင်တော့ ကျွန်တော်က ကောင်းသည်။ ဘာတွေဖြေခဲ့လိုက်မှန်း မမှတ်မိပါ။ ဖတ်ထားတာတွေ ထဲက ထင်တာဖြေခဲ့တာဖြစ်မည်။ ထိုအချိန်က စာကျက်သည်ကို မမှတ်မိပါ။ စာတော့ဖတ်သည်။ နေ့စဉ်လို ဖတ်ရသည့် အတွက် စာလုံးတွေရော၊ စာမျက်နှာတွေပါ အလွှတ်ရကုန်သည်။ မှတ်ဉာဏ်ကောင်းသူတော့ မဟုတ်ပါ။ စိတ်ရှုပ်စရာသိပ်မရှိ၍ ဖြစ်ပါမည်။


ရထားသံကို "ဂျုန်းဂျုန်းဂျပ်ဂျပ်" ဟု မှတ်ရဘူးသည်။ စိတ်ထဲလို ထိုသို့စွဲနေသည်။ အမှန်တော့ အသံအတော်စုံပါသည်။ ဒိန်းဒိန်းတပ်တပ် ဟုလည်းထင်မိသည်။ ဒုံးဒုံးဒတ်ဒတ် ဟုလည်းကြားမိသည်။ ရထားဥသြသံကိုလည်း ဘော်ဘူးဘော် ဟုကြားမိသလိုရှိသည်။ တခါတခါကျတော့ စိတ်ထဲရွတ်သည့်နာမည်ကို ကြားရသည်။ ဥပမာ "မင့်ကြီးတော်" ဟု ကျွန်တော် စိတ်ထဲလိုက်ဆို ကြည့်သည် အိုကေသည်။ "ဖိုးသူတော်" ဟု ကျွန်တော်လိုက်ဆိုသော အခါ၌ လည်း ဖိုးသူတော်ဖြစ်သွားသည်။ သင်ကြားလျှင်လည်းစမ်းကြည့်နိုင်ပါသည်။ "ဦးထော်" ဟု သင်စိတ်သွင်းလိုက်လျှင် ဦးထော် ဟု အော်နေသော ရထားကြီး တဂျူန်းဂျုန်း ပြေးဝင်လာသည်ကို တွေ့ရပါလိမ့်မည်။ ဘာဆိုဆို ရထားသံကိုတော့ ကျွန်တော်ချစ်ပါသည်။ ထူးအိမ်သင်၏ အမေ့အိမ် သီချင်းကို အဝေးရောက်ချိန် ခံစားရသောအခါ ပိုပီပြင်သည်။ ထိုရထားသံလေးများ ဥသြသံလေးများကို နှင်းတဝေေ၀ ကျနေတတ်သည့် ဒီဇင်ဘာနံနက်ခင်းတွင် အမြင်အာရုံထဲ တဖြည်းဖြည်းတိုးဝင်လာသလို စိတ်ထဲပြေးမြင်မိသည်။ ရေးရင်းပင် ကျွန်တော် လွမ်းလာသည်။ နှင်းတောထဲ တိုးလာသည့် ယိုင်နဲ့နဲ့ ရထားအိုကြီးများကို မွေးရပ်မြေအပြန်တွင် ကျွန်တော် အလွမ်းပြေ စီးကာ ပြန်ပါဦးမည်။

March 9, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၂)

အောင်သာကုန်းကျေးရွာ။ ကျွန်တော့ချက်မြုပ်ရာ။ ချုံတောတစ်မျိုးက အလွန်ပေါသည်။ ဂျာမနီဟု ကျွန်တော်တို့ခေါ်သည်။ မြန်မာအဘိဓာန်တွင် ရှိမရှိ စစ်မကြည့်ရသေးပါ။ အဖေပြောပြ၍ မော်ရုံဟုလည်း မှတ်ဖူးသည်။ ဂျာမနီပင်ဟုသာ အခေါ်များပါသည်။ ယခုလည်း ခေါ်ကြဆဲပင်။ ထိုအပင်ကို နွားလည်းမစားပါ။ ပိုးလည်းမထိုးပါ။ အပင်၏ အတွင်း အနှစ်မှာ ဖော့ဖြစ်သည်။ လုံးဝကို ဖော့စစ်စစ်ဖြစ်ပါသည်။ ငယ်စဉ်က ဂျာမနီပင်လေးများကို အဆစ်လိုက်ဖြတ်ပြီး အတွင်းမှ ဖော့သားလေးများကို တုတ်လုံးလုံးသေးသေးလေးဖြင့် ထိုးထုတ်ကာ ပန်းအဖြစ်သီပြီး ကျွန်တော့်လေးလေးများ၊ အရီးများ ပန်ကြသည်ကို မှတ်မိသလိုရှိသည်။ အရောင်လိုလျှင် ဆေးဆိုးကြသည်။ အပြာရောင်ဆို မှင်သီးဖြင့်ဆိုးသည်။ ကျွန်တော်တို့နယ်တွင် မှင်သီးဟု ကျွန်တော်တို့ခေါ်ကြသည့် အပင်ရှိသည်။ အသီးကို ညှစ်လိုက်လျှင် မဲနယ်ရောင်ထွက်ပြီး အရောင်မှာ စွဲနေသည်။ တော်တော်နှင့်မပျောက်။ ထို အသီးအရည်ဆိုး၍ရသည်။ အ၀ါရောင်၊ အနီရောင်များကတော့ ပန်းဆီ ဟုကျွန်တော်တို့ ခေါ်ကြသည့် အရောင်ဆိုးဆေးများဝယ်ကာ ဆိုးကြသည့်ဟု ထင်ပါသည်။ ကစားရုံသာ ကစားကြပါသည်။ တကယ်အလှမပန်ကြပါ။


ထိုဂျာမနီပင်၏ ပင်စည်အရိုးလေးကို ခြောက်လျှင် ငါးမျှားတံအတွက် ဖော့အဖြစ်သုံးကြသည်။ သူထက်ကောင်းသည်ကတော့ ချောင်းနဘေးတွင် ပေါက်သည့် ကိုင်းပင်ဖြစ်သည်။ ကိုင်းပင်မှာဖော့မှာ အကြမ်းခံပြီး ပိုလှသည်။ ကျွန်တော်တို့ ချောင်းကလေးတွင် ကိုင်းရုံများအလွန်ပေါသည်။ မိုးအခါရေကြီးလျှင် ကိုင်းရူံရှိသော ကမ်းကကြံ့ကြံ့ခံနိုင်သည်။ ထို့ကြောင့်လည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဟုခေါ်ခြင်းဖြစ်သည်။ မြေစုစုရှိရာ ချောင်းကမ်းဘေးတွင် ကိုင်းရုံသေးသေးလေး စပေါက်သည်။ ထိုကိုင်းရုံကို မသတ်ပဲမွေးထာလျှင် တစ်နှစ်အတွင် အတော်ကြီးပွားလာ ကြီးလာသည်။ အတော်ကြီးလာသောအခါ ၀ါရုံငယ်ငယ်လေးလိုဖြစ်လာသည်။ ထိုကိုင်းရုံကို အမှီပြုကာ ချောင်းရေကြီးသည့်အခါ မြေနုများနှုံးအဖြစ်တင်နေပြီး ကျွန်းကလေး တဖြည်းဖြည်းကြီးလာသည်။ ကိုင်းရုံလည်း ပွားသထက်ပွားလာသည်။ ကိုင်းတောကြီးဖြစ်လာသည်။ ကျွန်းကလေးကလည်း ကျွန်းကြီးဖြစ်လာသည်။ နောင်တွင် ကျွန်းအလယ်ပိုင်းကို ရှင်းပြီး စိုက်နိုင် ပျိုးနိုင်သည်။ ကျွန်းနဘေးပတ်လည် ကိုင်းပင်များကတော့ ချန်ထားသင့်သည်။ ကျွန်းတည်မြဲရေးအတွက် သူတို့လိုသည်။ သူတို့တည်မြဲဖို့အတွက်လည်း ကျွန်းလိုသည်။ ဤသည်ပင် "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ"။ သို့သော် ကိုင်းရွက်များက အလွန်ထက်သည်။ ကိုင်းတောထဲတိုးလျှင် ကျွဲနွားများ ဖြတ်ပြီးသွားပြီးသော လမ်းကြောင်းအတိုင်းသာ လိုက်ရဲသည် လမ်းအသစ်တိုးလျှင် သွေးအလိမ်းလိမ်းဖြင့် မြင်မကောင်းအောင် ဖြစ်သွားမည်။ ကိုင်းရွက်ကလေးကို မတော်တဆ ထိမိလျှင်ပင်ရှသည်။ ထိုမျှ အထိ ကိုင်းရွက်များက မြိနေအောင်ထက်သည်။ ကိုင်းတောထဲ လမ်းသစ်ထွင်တိုးလျှင် ပုဆိုးခြုံပြီးတိုးရသည်။ ပုဆိုးအဆွေးဆိုလျှင် အဆင်ပြေမည်မဟုတ် ပုဆိုးပါပြဲမည်။ မျက်နှာနှင့်လက်ကို အဓိက ကာကွယ်ပြီးတိုးရသည်။ ခေါင်းတစ်ခုလုံးကို လုံအောင်ခြုံ မျက်နှာကို အောက်စိုက်ပြီး လမ်းမြင်ရုံကြည့်ကာ တိုးရသည်။ ခါးကိုလည်းကုန်း၊ ဒူးကိုညွတ်ကာ ပုဆိုးက ခေါင်းပေါ်ရောက်သွားသည့်အတွက် ပေါ်လာသောအောက်ပိုင်းကိုပါ ကာမိအောင် ပုကွကွလုပ်၍ တိုးရသည်။ ဒီအတိုင်းတိုးကြသော သူငယ်ချင်းမရှိသလောက်။ လမ်းမပေါက်သော ကိုင်းတောထဲ ဇွတ်သာ ပုကွကွမလုပ်ဘဲ ဇောဖြင့် မြန်မြန်သာ ခါးဖြောင့်ဖြောင့်ထားတိုးပါက။ ပေါ်လာသော ခြေသလုံး၊ ပေါင်၊ တင်ပါး၊ ပေါင်ကြားက ရွှေပန်းပါမကျန် ( :P ) ဓားဖြင့်ရှပ်ကာလှီးထားသလို သွေးအလူးလူးဖြင့် စပ်ဖြင်းဖြင်း နေရတော့သည်။ ကျွန်တော့်ဘော်ဒါ တစ်ယောက် သူ့ချိုးကလေးတိုတိုကို ကိုင်းရှ၍ ငိုသည်ကို ကြုံဖူးသည်။ ငယ်စဉ်ကပေးကိုး။


ကိုင်းရှ၊ ဓားရှ ကျွန်တော်တို့ဆေးမပူကြပါ။ ဂျာမနီက အစွမ်းသည်။ ကျွန်တော်တို့၏ တောတွင်း အရက်ပြန်၊ အနာသိပ်စရာဆေး၊ ခုထိလည်း သုံးဆဲ။ ကိုင်းရှ၊ ဓားရှ စသည့် အသေးအဖွဲလောက်ကတော့ စာမဖွဲ့။ ဂျာမနီအရွက်နုနုလေးများကို ခူးသည်။ အရည်ထွက်လာအောင် လက်ဝါးထဲထည့်ပြီး ပွတ်ချေလိုက်သည်။ အနာကြီးလျှင် အရွက်တော်တော်များများခူးပြီး နီးရာသစ်တုံး၊ ကျောက်တုံးပေါ်တွင် ထုထောင်းပြီး အရည်ထွက်အောင်လုပ်ကာ ထိုဂျာမနီအရည်ကို အနာပေါ်လောင်းချကာ ဆေးထည့်သည်။ အနားမရင်း။ ပိုးမ၀င်။ မေးခိုင်ဖြစ်၍ သေသည့်မသာ မကြားစဖူး။ ဤကားဆေးညွှန်းတည်း။ (:P)


ကျွန်တော်တို့ဖက်တွင် မြွေများ ကင်းများမရှိသည့် အတွက် တွေ့ရာချုံဝင်တိုး၍ ရသည်။ ချုံတောများကလည်း အလွန်ပေါပါသည်။ တောအောက်ခြေကို တမင်မရှင်းထားလျှင် ချုံချည်းဖြစ်သည်။ တောတိုး၍ မပေါက်။ နွားတိုးရာ လမ်းသာလိုက်ရသည်။ မြွေကိုက်သေသော မသာမကြားဖူးပါ။ သို့သော် အဆိပ်မရှိသည့် စပါးကြီးမျိုသည်ကိုတော့ ကြားဖူးသည်။

March 8, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၂)

အင်းတော်တွင် ကျောင်းစတက်သော ပထမနေ့ကို ယခုထိ ကျွန်တော် မှတ်မိဆဲ။ ရောက်ရောက်ချင်း သူငယ်တန်းတွင် ကျွန်တော် တက်ရသည်။ ဆရာမက ဒေါ်ညို။ သူ့သမီး မီမီစိန် ဆိုသူမှာ ကျွန်တော့်အတန်းဖော် ဖြစ်လာသည်။ အစပိုင်းမသိပါ။ နောင် အတန်းကြီးလာမှ သိခြင်းဖြစ်ပါသည်။ ခင်သလားဆိုလျှင်တော့ ခင်ပါသည်။ မရင်းနှီးပါ။ သူနှင့် ပတ်သက်၍ ၅ တန်းတွင် အမှတ်တရ အဖြစ်အပျက် တစ်ခုရှိသည်။ သင်္ချာလား - သမိုင်းလား မမှတ်မိတော့ပါ။ စာမေးသည့်နေ့။ ဆရာမက လက်သံပြောင်သည်။ စာမရသည့် ကျောင်းသားများကို တစ်ဦးချင်း အတန်းရှေ့ခေါ်ထွက်ကာ ရိုက်သည်။ လက်သံအတော်ပြောင်သည်။ မီမီစိန်ခင်ဗျာ အဘယ်လောက်ကြောက်နေရှာသည် မသိ။ ။ အတန်းရှေ့ထွက်ပြီး ဆရာမရိုက်ရန် တင်ပါး လှည့်ပေးနေစဉ်ခဏ။ သေးဖြန်းဖြန်း ပါတော့သည်။ ကျွန်တော်တို့ တစ်တန်းလုံးလို ရယ်ခဲ့ကြမည်ဟု ထင်ပါသည်။ သူခမြာရှက်ရှာမည်။ ကျွန်တော်ခုလိုရေးသည်ကို ကျွန်တော့် သူငယ်ချင်းသိလျှင်တော့ ကျွန်တော့ကို စိတ်ဆိုးပါလိမ့်မည်။
နောင် ၁၀ တန်းပြီးသောအခါ ကျွန်တော့် ညီမလေး စောနန်းမေ အတွက် တိုင်းရင်းဆေးတက္ကသိုလ် သွားလျှောက်ပေးတော့ သူ့ကို တွေ့သည် ထင်သည်။ နောင်းပိုင်း မတွေ့ဖြစ်တော့ပါ။ ပေါတောတော သူ့အမှုအရာများက တော့ ပျောက်နေပြီ။ ရင့်ကျက်နေပြီ။ အိနြေ္ဒရှင်ကြီးဖြစ်နေ၏။
သူငယ်တန်းတွင် ၁ ပတ်လောက်နေပြီ ၁ တန်းကို ပြောင်းနေရသည်။ ၁ တန်းတွင် အင်္ဂလိပ်စာ သင်နေသည်။ စာချနေသောဆရာမက ကျွန်တော့ကို စာမေးသည်။ မှတ်မှတ်ရရ "I am Tun Tun." ဆိုသော စာကြောင်းလေး ကျွန်တော် ဆိုတတ်ပါသည်။ မဆိုရဲပါ။ တောသားလူကြောက် ကျွန်တော် ငိုမလို ဖြစ်နေသည့် အတွက် ဆရာမလက်လျှော့ပြီး မမေးတော့ပါ။
ကျွန်တော့်တွင် ကျောင်းဖွင့်စ ကိုင်စရာပြဌာန်းစာအုပ်မရှိပါ။ ကျွန်တော့်ပထမဆုံး သူငယ်ချင်း စိုးပိုင် ထံတွင်ငှားရသည်။ သူသည် အင်းတော်တွင် ကျွန်တော် ခင်သည့် ပထမဆုံး သူငယ်ချင်း။ သူ ရ တန်းအောင်ပြီးနောက် အတန်းထဲမှ ကျွန်တော့်တို့ သူငယ်ချင်းပင် ဖြစ်သည့် ဝေေ၀လင်းနှင့် အိမ်ထောင်ကျသည်။ သူပညာရေးတစ်ပိုင်းတစ်စ ဖြစ်ခဲ့သည်။ စိုးပိုင်နှင့် ကျွန်တော် အင်းတော်မြို့စက်ကုန်းရပ်ကွက်တွင် ဆော့ကြပြေးကြ ကစားကြတာ အမှတ်ရစရာများစွာရှိသည်။ သူသည် ကျွန်တော်၏ မေ့မရနိုင်သော သူငယ်ချင်းကောင်းတစ်ယောက်။ မှတ်မှတ်ရရ။ ကျွန်တော် တက္ကသိုလ် ပထမနှစ်ပြန်တော့ လမ်းစရတ်ပြတ်နေစဉ် လမ်းတွင်တွေ့၍ ဒီကောင့်ထံ ပိုက်ဆံချေးရသေးသည်။ နောက်ဆုံးနှစ်လောက်မှ ပြန်တွေ့ပြီး ပြန်ဆပ်ဖြစ်သည် ထင်သည်။ ကျွန်တော် အင်းတော်ရောက်လျှင်တော့ သူ့ကို တွေ့ချင်သေးသည်။
စက်ကုန်းနှင့် ပတ်သက်၍ ပြောရဦးမည်။ အင်းတော်မြို့နယ်တွင် အောင်မေတ္တာရပ်ကွက်တွင်း၌ တရုတ်သူဌေး ဦးဖိုးကွမ်းပိုင် သစ်စက်တစ်လုံးရှိသည်။ ထိုစက်ကို အနောက်စက်ဟုခေါ်သည်။ ဦးတင်မောင်ပိုင် သစ်စက် တစ်လုံး။ ထိုသစ်စက်ကို အရှေ့စက်ဟုခေါ်သည်။ သမ၀ါယမ သစ်စက်တစ်လုံးရှိသေးသည်။ အနောက်စက်ခေါ် ဦးဖိုးကွမ်း ပိုင်သည့် သစ်စက်က ကျွန်တော်နှင့် ပိုရင်းနှီးသည်။ ထိုစက်တွင် ကျွန်တော့် ဘကြီး ဦးကံညွန့်က မန်နေဂျာ။ ထိုစက်ရုံရှိ အလုပ်သမားများကို တန်လျားများထိုး၍ နေစရာပေးထားသည်။ ထိုအလုပ်သမားများနေသည့် နေရာကို စက်ကုန်းဟုခေါ်သည်။ ကုန်းကမူကြီးဖြစ်နေ၍တော့ မဟုတ်ပါ။ နည်းနည်းလေးတော့ မြင့်သည်။ သစ်ကွင်း (သစ်လုံးများပုံသည့်နေရာ) ကနိမ့်သည်။ ထို့ကြောင့် ကုန်းဟု ခေါ်ရာမှ စက်ကုန်းတွင် သလားမသိပါ။
ကျွန်တော့်ဘကြီးဦးကံညွန့်က ကျွန်တော့် ဘ၀အတွက် အရေးအကြီးဆုံး အပြောင်းအလဲကို လုပ်ပေးခဲ့သည်။ သူအလုပ်မသွားမီ ကျွန်တော့်ကို စာသင်သည်။ နေ့စဉ်စာဖတ်ရသည်။ စာဖတ်ပျင်းသောကျွန်တော် ဘကြီးကိုကြောက်တော့ဖတ်ရသည်။ မျက်ရည်အရွဲသား။ ငိုလိုက်ဖတ်လိုက်။ ဘယ်နှစ်လသင်ပေးမှန်း ကျွန်တော်မမှတ်မိတော့ပါ။ ကျွန်တော် စာကို ဒိုးဒိုးဒေါက်ဒေါက်ဖတ်တတ်သွားသည်။ ဟီးဟီး မှတ်မှတ်ရရ တစ်ခုတော့ ပြောပြချင်သေးသည်။ စာနေ့တိုင်းဖတ်ရ၍ ကျွန်တော် စိတ်တိုလာသည်။ ဘကြီးကိုလည်း ပြန်မပြောရဲ။ ထိုကြောင့်ကျွန်တော်လုပ်နိုင်ရာ စာအုပ်ကို လုပ်ပလိုက်သည်။ တစ်ခြားတော့မဟုတ်။ စာတွင်ပါသည့် ၀စ္စပေါက် လေးများကို ခဲဖျက်ဖြင့် မသိမသာဖျက်ထားလိုက်သည်။ ဖျက်ထားပြီး မှတ်ကရောဟု စိတ်ထဲတွေးပြီး ကျေနပ်သွားသည်။ ဟဲဟဲ .....
နောက်နေ့ကျွန်တော့် စာဖတ်တော့ ကွိုင်တက်သည်။ ကျွန်တော်မမြင်အောင် မသိမသာကြိုးစား၍ ဖျက်ထားသော စကားလုံးတိုင်းကို ဘကြီးက အကုန်သိနေသည်။ ကျွန်တော့ကို ဆူသည်။ ဘကြီး၏ အရည်အချင်းကို လက်ဖျားခါသွားသည်။ (လူဆိုတာ ကိုယ်မလုပ်နိုင်တာ လုပ်နိုင်ရင် အထင်ကြီးကြတာမဟုတ်လား။) ထိုကတည်းက ၀စ္စပေါက်များ မဖျက်ရဲတော့ အမြီးကုပ်သွားသည်။ ငစိုင်းတစ်ယောက် စာကိုကြိုးစားဖတ်ရုံမှ တစ်ပါး ရွေးစရာလမ်းမရှိ။ ဘကြီးရှေ့တွင် ဒူးကလေးတုတ် ဖင်ကလေးကုန်းကာ မျက်ရည်ကျလိုက် စာအော်ဖတ်လိုက်ဖြင့် သီတင်းကျွတ်မတိုင်မီ ပထမကာလများအတွင်း စာသင်ခြင်း ကိစ္စကို အတော်ဒုက္ခကြီးစွာ ခံလိုက်ရသည်။
ကျွန်တော် စာကောင်းကောင်းဖတ်တတ်သွားသည်။ စာရေးတတ်သွားသည်။ ဘကြီးဖတ်လေ့ရှိသော ကြေးမုံသတင်းစာ၊ လုပ်သား သတင်းစာများကိုပင် ခပ်တည်တည်ကောက်ကိုင်ကာ ကျွန်တော့်ဘကြီး စာဖတ်လေ့ရှိသည့် ပက်လက်ကုလားထိုင်လေးတွင် ကျွမ်းထိုးလိုက် ခြေမြောက်လိုက်ဖြင့် အရသာခံကာ စာဖတ်သည့် အကျင့်စွဲလာခဲ့ပါသည်။
အင်းတော်တွင် ပထမဆုံးဖြေသော စာမေးပွဲ၌ ကျွန်တော် အဆင့် ၁ ရသည်။ ထိုအရာ ဘာမှန်းကျွန်တော်မသိပါ။ ဆရာမက စာမေးပွဲဖြေအပြီး အဆင့်များပေးတော့ စာရွက် ကလေးတွင် ရေးမှတ်ယူလာခဲ့သည်။ ကျွန်တော့် ဘကြီးကို ပြောပြဖြစ်သည်။ ဘကြီးတစ်ယောက် မိန့်မိန့်ကြီးပြုံးနေခဲ့မည်ထင်သည်။ သူပျိုးသောပန်းပွင့်ခဲ့လေပြီ။ အမှန်တော့ ဘကြီးသည် ကျွန်တော့် အဖေလိုပင်။ သူကလည်းကျွန်တော့ကို သားတစ်ယောက်လိုချစ်သည်။ သူ့တွင် သမီးချည်း ၄ ယောက်ရှိသည်။ အကြီးဆုံးက ခင်သိန်းကြည်၊ ဒုတိယက ခင်သိန်းရီ၊ တတိယ ခင်သန်းညို နှင့် စတုတ္ထ ခင်သိန်းချို ....
ကျွန်တော်ရောက်သွားတော့ သားတစ်ယောက်ရသလို ဖြစ်ပေမည်။ အစ်မများကလည်း ကျွန်တော့်ကို ချစ်သည်။ ကျွန်တော့် အစ်မ မခင်သိန်းရီက စည်းကမ်းကြီးသည်။ စိတ်ကြီးသည်။ ကျွန်တော့်ကို သပ်သပ်ရပ်ရပ်နေတတ်ရန်။ ယဉ်ယဉ်ကျေးကျေးနေတတ်ရန် သွန်သင်သည်။ မခင်သိန်းကြည်ကို မမကြီး၊ သူ့ကို မမလေး၊ မခင်သိန်းညိုကို မမညို ။ အငယ်ဆုံး မခင်သိန်းချိုကို မမချိုဟု ခေါ်ရမည်ဟုပြောသည်။ သူ့ကြောင့်ပင် ခုထိ ကျွန်တော်သည် ထိုအခေါ်အဝေါ်များအတိုင်း ခေါ်နေမြဲ ။
ကျွန်တော့် မမလေးသည် သူ့တောသားမောင်လေးပေါက်စန ကျွန်တော့်ကို သူများသားသမီးတွေလို လှစေလိုသည်။ သပ်သပ်ရပ်ရပ် ရှိစေလိုသည်။ ကျောင်းသွားလျှင် သူကိုယ်တိုင် ကျွန်တော့်ကို သနပ်ခါးသွေးပြီးလိမ်းပေးသည်။ လူရိုင်းကျွန်တော်နှင့်တော့ အတော်ဂွကျသည်။ သူတို့က ညီအစ်မချည်းနေတော့ သနပ်ခါးလိမ်းတာ မဆန်းပါ။ ကျွန်တော်က ယောက်ျားလေး။ ကျွန်တော် ဗန်းမောက်အိမ်တွင် ဘယ်တော့မှ မလိမ်း။ သနပ်ခါးဟူသည် မိန်းမများလိမ်းသော အရာဟုသာ မှတ်ထားသည်။ ကျွန်တော် မနေတတ်။ မလိမ်းလျှင် အစ်မက ဆူသည်။ ကျွန်တော်ကြောက်သည့်အတွက် မမလေးလိမ်းပေးလျှင် ညိမ်ညိမ်းလေးနေကာ အလိမ်းခံလိုက်သည်။ ပထမ နေ့များကတော့ငိုပါသည်။ ငို၍မျက်ရည်များ ကျလျှင် သနပ်ခါးပျက်သောကြောင့် ထပ်ခါ ထပ်ခါ လိမ်သော ဇွဲကြီးသည့် ကျွန်တော့်မမလေးကို ကျွန်တော် အရှုံးပေးလိုက်ရသည်။ ကျောင်းအသွားသနပ်ခါးလိမ်း။ ကျောင်းမရောက်မီ လမ်းတွင် သနပ်ခါး အားလုံးပြောင်သည်။ ဟီးဟီး .... ကျွန်တော်ဖျက်ပလိုက်၍ ဖြစ်သည်။ ကျောင်းရောက်လျှင် မျောက်ရှုံးလောက်အောင်ဆော့သည်။ နောက်ပိုင်း ကျွန်တော် သနပ်ခါး အိမ်ပါမလာသည်ကို မမလေးသတိပြုမိသည်။ ဘာကြောင့်လဲဟု စစ်ရာ ကျွန်တော်ကြောက်ကြောက်ဖြင့် အမှန်းအတိုင်းဖြေလိုက်သည်။ နောက်ပိုင်း မမလေး သနပ်ခါး မလိမ်းပေးတော့ပါ။ ကျွန်တော်လည်း သနပ်ခါးဝဋ် ကျွတ်သွားသည်။
အဆင့် (၁) ဆိုတာနှင့် ပတ်သက်၍ ပြောပြလိုသေးသည်။ အင်းတော်မြို့တွင် ကျွန်တော့် အဖေ၏ အစ်မ ဒေါ်တင်အေး ဆိုသူလည်းနေပါသည်။ သူက မီးရထားကို ကြောက်၍ ပြေးဖူးသူ။ သူ့တွင် သားနှစ်ယောက်ရှိသည်။ ခင်မောင်ဦး နှင့် ခင်မောင်မြင့်။ ကျွန်တော်က ကိုမောင်ဦး နှင့် ကိုမောင်မြင့် ဟုခေါ်သည်။ ကိုမောင်ဦးငယ်ငယ်က အတန်းထဲတွင် အဆင့် (၁) ရဖူးသည်။ စံတင်လောက်သည့် ကျွန်တော့် ကြီးကြီးဒေါ်တင်အေးက သူများသားသမီး ကျွန်တော့် အစ်ကိုကျောင်းနေဖက်များ၏ အဆင့်များကို မေးကြည့်တော့ ၅၀ - ၆၀ ရကြသည်။ ကျွန်တော့်အစ်ကို ကိုမောင်ဦး ကျောကော့နေအောင် အရိုက်ခံရသည်။ "မင့်က ညံ့လိုက်တာ သူများတွေက အဆင့် ၅၀ - ၆၀ ရတယ် မင့်မှာ ၁ ကလေးပဲရတယ်၊ ကဲညံ့ဦး ... ညံ့ဦး" ဆိုပြီး အားရပါးရတီးကာ ဆုံးမသည်။ ကျွန်တော့် အစ်ကိုလည်း ထိုကတည်းက ထိခိုက် ခဲ့သလားမသိပါ။ ၈ တန်းထိသာရောက်ပြီး ကျောင်းထွက်ခဲ့တော့သည်။ နောက်ပိုင်း ဖားကန့်ခေတ်စား၍ ကျောက်စိမ်းခေတ်ထတော့ ဖားကန့်တက်သွားသည်။ ထိုအကြောင်းများရေးလျှင် ရှည်ဦးမည် .....

March 7, 2009

ကျွန်တော်နှင့် တောတွင်းကာလများ (၁)

ကျွန်တော့်ကို မွေးဖွားရာ အောင်သာကုန်းကျေးရွာလေးသည်။ ချုံပုတ်ငယ်များဝိုင်းရံလျှက် တောနှင့် တစပ်တည်းရှိသော ရွာကလေး။ ကျွန်တော့်ကို မွေးခဲ့သည် ဆိုသော အမေဖက်မှ အဖိုးတို့ အိမ်သည် တောင်ကုန်းပေါ်မှာ။ ရေရှားသည်ဟု ဆိုရမည်။ ရေကို တစ်မိုင်လောက်ဝေးသည့် ရေတွင်းသို့သွားခပ်ရသည်။ ထိုတွင်းတွင် ရေမချိုးကြ။ သောက်ရေအဖြစ်သာသုံးသည်။ ကျွန်တော်မှတ်မိသမျှ ပြောရလျှင် တစ်ရွာလုံးမှ ရေတွင်း ၅ တွင်းသာရှိသည်။ လူများက တောင်ကုန်းထိပ်များပေါ်တွင် နေကြသောကြောင့် ရေလိုလျှင် ချိုင့်ရှိရာ ဆင်းခပ်ရသည်။ နွေရာသီတွင် ရေရှားပါက ချောင်းထဲတွင် သဲရေတွင်းတူးပြီးရေခပ်ကြသည်။ ရေအိုးကို ခေါင်းရွက်သယ်ကြခြင်းမဟုတ်ပါ။ သံချောင်ပုံးကို ရှေ့တစ်ပုံး၊ နောက်တစ်ပုံး ၀ါးထမ်းပိုးဖြင့် ထမ်းခြင်းဖြစ်သည်။ အိမ်မှ ရေချိုးသွားကြလျှင် သံချောင်ပုံနှစ်လုံးနှင့် ထမ်းပိုးတစ်ချောင်းသယ်သွားသည်။ ပြန်လာလျှင် ရေထမ်းပြန်လာသည်။ အိမ်မှ လူ ၅ ယောက် ရေချိုးသွားလျှင် ရေ ၁၀ ပုံ အိမ်ရောက်သည်။ ထိုစနစ်။ ကလေးများတော့ မပါပါ။ များသောအားဖြင့် အရွယ်ရောက် အမျိုးသမီးများ ထမ်းလေ့ရှိပါသည်။

Location of Banmauk
ရွာဖြစ်လာပုံမှာ ကျွန်တော်တို့ဖက်မှ ဓလေ့အရပြောရလျှင် လူတစ်စု မြေပြန့်ရှိရာတွင် လယ်လုပ်မည်။ လယ်လုပ်ရန် မသင့်လျှော်သည့် ကုန်းကမူပေါ်တွင် တဲဆောက်၍ လူနေသည်။ "လယ်ရှိလျှင် ရှမ်းရှိသည် " ဟူသော စကားပုံကို အမှတ်ရသည်။ အောင်သာကုန်း ဟူသောရွာမှာ လယ်လုပ်သူ ရှမ်းတောင်သူတို့ လယ်လုပ်ရင်း စုပေါင်းနေထိုင်ရာမှ ဖြစ်လာပုံရသည်။ လူနေအိမ်ခြေအားလုံး တောင်ကုန်းလေးများပေါ်မှာ။ ရွာမဟု ခေါ်ရမည့် ကျွန်တော့် အဖေဖက်မှ အဖိုးတို့ နေထိုင်ရာ နေရာသာ မြေပြန့်သည်။ လယ်မြေထက်တော့မြင့်သည်။ လယ်စိုက်နိုင်သော မြေပြန့်တွင် အိမ်ဆောက်လေ့မရှိကြ။ မြေပြန်ကျယ်သောကြောင့် လယ်တည်ရန်ကောင်းသည့်အတွက် လူများ စုစည်းနေထိုင်လာကြမည်။ ပထမတွင် လူခြေနည်းသောကြောင့် တောကြီးမျက်မည်းထဲ ရှိသည့် အိမ်လေး ၄ - ၅ - ၆ အိမ်လောက် မလှမ်း မကမ်းတွင် နေကြမည်။ ခုထိ ထိုရပ်ကွက် အိမ်ခြေများမှာ လေးထောင့်မကျပါ။ မိမိခုတ်ထွင်ရှင်းလင်းရာ မိမိပိုင်သည့်အတွက် အိမ်ယာမြေကွက် များမှာ အတော်ကြီး ကျယ်ပါသည်။ အဖိုးတို့ အိမ်ဆိုလျှင် ၁ ဧကလောက်ကျယ်မည်။ သီးပင်၊ စားပင်များရှိသည်။ အိမ်တွင် လိုရာသုံးရန် အဖိုးစိုက်ထားသော ၀ါးနက်ဝါးရုံ တစ်ရုံရှိသည်။ ၀ါးနက်ဝါးမှာ အလွန်မာပြီး ခိုင်သည်။ ထမ်းပိုး စသည့် အိမ်အသုံး အဆောင် လုပ်ရန် အလွန်ကောင်းသည့် ၀ါးဖြစ်သည်။ သက်တမ်းရင့်သည့် ၀ါးသည်။ ၀ါးအသားတွင် အနီရောင် သမ်းနေပြီး ဓားနှင့်ခုတ်လျှင်ပင် သံကို ခုတ်သည့် အသံလိုမြည်နေသည်။ ၀ါးပင်က ပေ ၆၀ လောက်တော့ မြင့်သည်။ လုံးပတ် ၁ ပေ ကျော်ကျော်ရှိမည်။ ကျွန်တော်တို့ ငယ်ငယ်က ဓားတိုက်တမ်း ကစားလျှင် ၀ါး ၂ ဆစ်လောက်ဖြတ်ပြီး တစ်ဆစ်ကို ဓားသွားထားကာ၊ နောက်တစ်ဆစ်ကို ဓားရိုးနေရာထား၍ ပိုသည့် ၀ါးကို ဖြတ်ပြစ်ရသည်။ ၀ါးကြောဓားမှာ အလွန်မာပြီး အလွန်ထက်သည့် အတွက် ကစားရာတွင် ထိမိ ရှမိမည်စိုးရိမ်ရသောကြောင့် ဓားဖြင့် ပြန်ပြီး အချောသပ်ထားသည်က ကောင်းပါသည်။
ဝါးအကြောင်းရေးနေရင်း ၀ါးနှင့် လုပ်လေ့ရှိသော ကျွန်တော်တို့ ဖက်မှ ဓလေ့များကို ပြောပြချင်သည်။ အကြောင်းအရာများ ဟိုရောက် သည်ရောက်တော့ ဖြစ်မည်။ ဒါကလည်း စကားဝိုင်းပုံစံ။ အမှတ်ရတာ ပြောချင်တာကို ပြောလိုက်သည်။ တောင်စဉ်ရေမရတော့ မဟုတ်ပါ။ ကျွန်တော်တို့ ဖက်မှ ဓလေ့များ စာတွင် မှတ်တမ်းတင်သူလည်းမရှိပါ။ စာရေးဆရာလည်းမရှိပါ။ ကြာလျှင် ဓလေ့လည်းပျောက် စာလည်းပျောက်ကာ ဘာမှ ကျန်မည်မဟုတ်ပါ။ ကျွန်တော် အမှတ်ရတုန်း ပြောထားတော့ ဘလော့ပေါ်တော့ ကျန်ခဲ့ပါလိမ်မည်။ ထို့ကြောင့် ရောက်တတ်ရာရာ ဟုဆိုလျှင် ပိုမှန်မည်။
ကျွန်တော့်အဖိုး ကျွန်တော့်ကို သင်ပေးသည့် ခရာလုပ်နည်းကို အမှတ်ရသည်။ သည်အကြောင်းတွေ ပြောလျှင် ပုံဆွဲဖို့လိုပြီ။ စာဖြင့်ရေး၍ နားလည်အောင်ရှင်းရသည်ထက်၊ ပုံဆွဲ၍ ရှင်းလိုက်လျှင် မျက်စိထဲ မြင်လွယ်ကာ ပိုရှင်းသွားမည်ဖြစ်သည်။ ထိုခရာကို ငါးဖမ်းရာတွင် သုံးပါသည်။ မြုံးမဟုတ်ပါ။ မြုံးက အသည်း ဟုခေါ်သည့် တစ်လမ်းသွား စနစ်ပါသည်။ ခရာက ဆည်မှ ရေစီးဆင်းရာအပေါက်ကလေးများတွင် ထောင်သည်။ အရှိန်ဖြင့် ကျနေသော ရေတွင် ခရာကို ခပ်စောက်စောက်လေး ထိုးထည့်ကာ ထောင်ထားရသည်။ ရေစီးနှင့် အတူ ပါလာသည့် ငါးများကို မိသည်။ ရေစီးအရှိန်နှင့် ပြန်မထွက်နိုင်အောင် ဖန်တီးထားခြင်းဖြစ်သည်။ နောက်တစ်မျိုးက ယက်သဲ့ ချုံခိုနေသည့် ငါးများ၊ ပုစွန်ဆိတ်ကလေးများကို သဲ့ယူရာတွင် သုံးသည် အ၀ကားကား ကန်တော့ပုံစံဖြစ်သည်။ နောက်မြုံး။ မြုံးကတော့ ကြားဖူးကြမည်။ နောက် ယင်းလိပ်။ အားလုံး ပုံဆွဲပြမည်။ ဗဟုသုတတော့ ဖြစ်ပေမည်။ ပလိုင်း၊ ၀ါးပပ်ခမောက်၊ ရုံးခမောက်၊ ဖျာကြမ်း၊ နှီးချောဖျာ၊ စကော၊ ဇကာ၊ ဇကာခုံး၊ ယပ်တောင်၊ ကြမ်းခင်း၊ ၀ါးထရံ၊ ၀ါးကပ်မိုး၊ ၀ါးခြံစည်းရိုး စသည် စသည် အမျိုးအမည်စုံသည်။
xxxx
ခရာ
xxxx
မြုံး
xxxx
ယက်သဲ့
xxxx
ပလိုင်း
xxxx
ဝါးပပ်ခမောက်
xxxx
ရုံးခမောက်
xxxx
ဖျာကြမ်း
xxxx
နှီးချောဖျာ
xxxx
စကော
xxxxx
စကာ
xxxx
စကာခုံး
xxxx
ယပ်တောင်
xxxx
ကြမ်းခင်း
xxxx
ဝါးထရံ
xxxxx
ဝါးကပ်မိုး
xxxxxx
ဝါးခြံစည်းရိုး

March 6, 2009

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၁)

ကျွန်တော်သည် အင်းတော်မြို့သို့ ရောက်ရှိပညာသင်ရခြင်းမှာ ကျွန်တော့်အစ်မ မမချိုကြောင့်။ ကျွန်တော် အင်ဂျင်နီယာတစ်ဦးဖြစ်လာရန် လမ်းပေါ်ရောက်လာခဲ့သည်မှာ ကျွန်တော့် အစ်မကြောင့်လည်းပါသည်။ အကြောင်းမှာ အင်းတော်မြို့သို့ အလည်လိုက်ရန် ကျွန်တော်ကို ခေါ်ခဲ့သူမှာ သူ။ ကျွန်တော့် အစ်မ၊ အဖေ့အစ်ကိုကြီး၏ အထွေးဆုံးသမီး။ နွေရာသီကျောင်းပိတ်ရက် အဖွားဆီ လာလည်သည်။ အပြန်တွင် ကျွန်တော့်ကို အလည်လိုက်ခဲ့ရန်ခေါ်သည်။ ဘယ်လိုသဘောတူပြီး ဘယ်လိုရောက်လာခဲ့မှန်း ကျွန်တော် ကောင်းကောင်း မမှတ်မိပါ။ ကျွန်တော့် အစ်မက အင်းတော်အင်းကြီးကို အကြွားကောင်း၍လည်းဖြစ်နိုင်သည်။ ရထားမြင်ဖူးအောင် ကျွန်တော့်ကို ကြွား၍လည်းဖြစ်နိုင်သည်။ အစ်မတို့အပြန် ကျွန်တော်လိုက်လာခဲ့သည်။


ကျွန်တော့်ငယ်စဉ်က အကျင့်က လမ်းဘေးတစ်လျှောက် ကားစီးရင်းငေးမောလိုက်ပါတတ်သည့် အကျင့်။ လမ်းဘေး သစ်တောများကို မှတ်ထားသည်။ သစ်ပင်များကို ကျွန်တော်ချစ်သည်။ တောင်တန်းများကို ငေးသည်။ တောင်တန်းများကိုလည်း ကျွန်တော်ချစ်၍ ဖြစ်သည်။ ၀ါးပင်များ၊ ခပ်ချွန်ချွန်ထွက်နေသော မြစ်ဖူးများကို မြင်ရသောအခါ အားသစ်များ ၀င်လာသလိုလို။ စိမ်းစိုနေသော လမ်းဘေးတစ်လျှောက် ငေးမော၍ မဆုံးသောရှုခင်း။ အမှန်တော့ ကျွန်တော့် ကမ္ဘာလေးက ကျဉ်းခဲ့ပါသည်။


ကျွန်တော်တို့မြိုမှ အထွက်တွင် ကျွန်တော့် မူုလတန်းကျောင်းလေးကို ကျွန်တော် နှုတ်ခဲ့မှန်း၊ မဆက်ခဲ့မှန်း ကျွန်တော် အမှတ်မရပါ။ ကျွန်တော် တစ်ခါတစ်ခါ သွားတတ် ရောက်တတ်သော အဖိုးတို့ လယ်ရှိရာနေရာ။ နွားလှန်သည့် မြက်ခင်းကုန်းများ။ ချောင်းများ။ သရက်သီးတွေ စားမကုန်နိုင်အောင်သီးသည့် အောင်းသရက်ပင်ကြီးများ။ တလွမ်းလွမ်း တမောမော ကျွန်တော် ငေးကြည့်တတ်သည်။ ကားကတော့ ဟိုယိုင် သည်ယိုင်၊ ဟိုလူး သည်လိမ့်။ မမှောက်သည် ကတော့ ကံပင်။


သစ်တားတံတားလေးများအောက် စီးဆင်းသွားသော နီကျင်ကျင် တောင်ကျရေများ။ တစ်ခါတစ်ခါ မိုးတစိမ့်စိမ့်ရွာနေတတ်သေးသည်။ ကောက်စိုက်နေသည့် ကောက်စိုက်သမများ။ လယ်ထွန်နေကြသည့် ကျွန်တော့် ရပ်ဆွေ ရပ်မျိုးများ။ တခုပ်တရတော့ နှုတ်မဆက်ဖြစ်ကြပါ။ ကျွန်တော်က ပေါက်စ။ ဘယ်သူမှလည်း အမှတ်ရမည်မဟုတ်။


ကျွန်တော်တို့မြိုမှ အထွက် ၅ မိုင် အကွာတွင် ကျွဲကောကြီးကျေးရွာရှိသည်။ မိုးအခါ မဲဇာမြစ်ကို သုံး၍ ကုန်ကူးသန်းကြသည့် လှေဆိပ်၊ ကုတို့ဆိပ်၊ ၀ါးဖောင်းများ ဆိုက်ကပ်ရာ။ တစ်ချိန်ကတော့ စီးပွားရေးကောင်းခဲ့နိုင်ပါသည်။ ယခုထိတော့ ထင်သာ မြင်သာသော တိုးတက်မှုမရှိသေးပါ။ ၁၀ တန်းထိရောက်သည့် ကျောင်းသားပင် ရှားနေဆဲ။ မူလတန်းလေးသာရှိနေဆဲ။ ထိုရွာလေး၏ အထင်ကရ ကတော့ ကျွဲကောကြီးတံတား။ သံကူကွန်ကရစ်တံတားဖြစ်သည်။ အင်းတော်-ဗန်းမောက် ကားလမ်းတွင် ထိုတံတားတစ်ခုတော့ ကောင်းပါသည်။ ကျန်တံတားများကတော့။ နှစ်စဉ်လိုလိုကျိုးပါသည်။


ကျွဲကောကြီးရွာလွန်ပြီး ဘယ်နှမိုင် အကွားမှန်းတော့ ကျွန်တော် မမှတ်မိတော့ပါ။ ဆိုင်းဘုတ်လေး တစ်ခုရှိသည်။ ဗန်းမောက်မြို့မှ နှုတ်ခွန်းဆက်သပါ၏ ဆိုသည့်ဆိုင်းဘုတ်။ ဤဆိုင်ဘုတ်ကို ထိုစဉ်က ကျွန်တော် ဖတ်တတ်မည်မထင်ပါ။ မှတ်ခဲ့ဟန်လည်း မတူပါ။ အူတူတူ အတတ တောသားငရိုင်း။ ကျွန်တော် ငစိုင်း။ ကိုယ့် ကိုကိုယ်ပင် စိုင်းခမ်းထွန်းဆိုတာ မသိပါ။ ထိုအချိန်က ကျွန်တော့်ကို ရပ်ဆွေရပ်မျိုးများက ထွန်းထွန်း ဟုလည်းကောင်း၊ ရင်းနှီးသူ အမျိုးများက ကိုထွန်းဟုလည်းကောင်း၊ ကျွန်တော့ညီက အစ်ကို ဟုလည်းကောင်း ခေါ်ကြသည်။ ကျွန်တော်၏ အသိတွင် ထိုအချိန်က ကျွန်တော်သည် စိုင်းခမ်းထွန်းမဟုတ်သေး။
အင်းတော်ရောက်တော့ မြင်းလှည်းလေးငှားကာ ဘကြီးတို့အိမ်ရှိရာသွားကြသည်။ ခုတော့ အင်းတော်တွင် မြင်းလှည်းများမရှိတော့ပါ။ ကျွန်တော့် အစ်မ မမချိုက ကျွန်တော့ကို ဘယ်နေရာတွေလိုက်ပို့သည်။ ဘာဟင်းတွေကျွေးသည် မမှတ်မိတော့ပါ။ ကျွန်တော့် အစ်မသည် စကားပြော အလွန်ချိုသည်ကိုတော့ ကျွန်တော် မှတ်မိသည်။ ကျွန်တော် အင်းတော်တွင်ပျော်သွား၍ ဖြစ်မည် ကျောင်းနေမလား မေးတော့ ကျွန်တော် နေမည်ဟု ဖြေဖြစ်ခဲ့သည် ထင်သည်။ အင်းတော်တွင် ကျွန်တော် ကျောင်းနေဖြစ်ခဲ့သည်။ ထို အချိန် ကျွန်တော် ၆ နှစ် သားလောက်ဖြစ်မည်။