သာသနာပြုသူများသည် ဘာသာတရားများ၏ အနှစ်သာရဖြစ်သော အမှန်တရားကိုသိရှိ နားလည်ကာ ငြိမ်းချမ်းစေခြင်းဟူသည့် လမ်းကြောင်းပေါ် မလျှောက်ဘဲ ဘာသာဝင်သူဦးရေ များပြားစေခြင်းကို သာ အာရုံပြု အားထုတ်ကြပါက ကမ္ဘာတွင် ဘာသာရေးကို အခြေခံသော စစ်ပွဲကြီးများ ပေါ်ပေါက်လာမည် ဖြစ်သည်။ ဘာသာဝင်များသည် ဘာသာတရား၏ အဆုံးအမကို လိုက်နာရန်ထက်၊ ဘာသာဝင်ဦးရေ မလျော့ကျရေး၊ တိုးပွားရေးကို ဦးတည်လာပါက ဘာသာတရားကို ကာကွယ်ရန်အတွက် အသေခံသူ၊ ဘာသာတရားကို ကာကွယ်ရန်အတွက် သတ်ဖြတ်သူ စသည်ဖြင့် ဘာသာတရားများ၏ မူလပန်းတိုင်မှ သွေဖည်သော လမ်းကြောင်းပေါ် ရောက်သွားကြမည် ဖြစ်သည်။
သာသနာပြုသူများသည် သာသနာကို ကာကွယ်ရန် အတွက်ဟူသော အကြောင်းပြချက်ဖြင့် ဘာသာခြားကို မုန်းတီးရေးတရားများ ဟောကြားခြင်း၊ နှိပ်ကွပ်ရေးတရားများ ဟောကြားခြင်း ပြုပါက လမ်းမှား ရောက်ကုန်ပြီ ဖြစ်သည်။ သာသနာပြုသူများ ပြုရမည့် အလုပ်မှာ အမှန်ကို နားမလည်သေးသူကို နားလည်စေရန် ရှင်းပြခြင်း ဖြစ်သည်။ ထိုသို့ ရှင်းပြနိုင်ရန် အတွက် ကိုယ်တိုင်တရားကို သိဖို့လိုသည်။ ကိုယ်တိုင်တရားကို နားလည်ဖို့ လိုသည်၊ ကိုယ်တိုင် ကျင့်ကြံနေထိုင် အားထုတ်ဖို့ လိုသည်။
ဗုဒ္ဓဟောကြားသော သာသနာကွယ်ကြောင်း တရားများမှာ အောက်ပါအတိုင်းဖြစ်သည် ..
ပဌမ သဒ္ဓမ္မသမ္မောသသုတ်
သာသနာ ပျောက်ပျက်ရန် ကွယ်ပရန် အကြောင်း (၅) ပါး
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) တရားကို ရိုသေစွာ မနာကုန်။
(၂) တရားကို ရိုသေစွာ မသင်ကုန်။
(၃) တရားကို ရိုသေစွာ မဆောင်ကုန်။
(၄) ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပါယ်ကို ရိုသေစွာ ဉာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ကုန်။
(၅) အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုရိုသေစွာ မကျင့်ကုန်။
သာသနာတည်တံ့ရန် အကြောင်း (၅) ပါး
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) တရားကို ရိုသေစွာ နာကုန်၏။
(၂) တရားကို ရိုသေစွာ သင်ကုန်၏။
(၃) တရားကို ရိုသေစွာ ဆောင်ကုန်၏။
(၄) ဆောင်ထားသော တရားတို့၏ အနက် အဓိပ္ပါယ်ကို ရိုသေစွာ ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်ကုန်၏။
(၅) အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုရိုသေစွာ ကျင့်ကုန်၏။
ဒုတိယ သဒ္ဓမ္မသမ္မောသသုတ်
သာသနာ ပျောက်ပျက်ရန် ကွယ်ပရန် အကြောင်း (၅) ပါး
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) သုတ်, ဂေယျ, ဝေယျာကရိုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ-ဟု အင်္ဂါ ၉-တန် ရှိသော တရားတော်ကို မသင်ယူကုန်။
(၂) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးတို့အား မဟောကြားကုန်။
(၃) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးကို မပို့ချကြကုန်။
(၄) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်ရွတ်ဖတ် (သရဇ္ဈာယ်) ခြင်းကို မပြုကုန်။
(၅) နာယူပြီး သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန်မကြံစည်ကုန်၊ အဖန်ဖန် မသုံးသပ်ကုန်၊ စိတ်ဖြင့် အဖန်ဖန် မဆင်ခြင်ကုန်။
သာသနာတည်တံ့ရန် အကြောင်း (၅) ပါး
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) သုတ်, ဂေယျ, ဝေယျာကရိုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ-ဟု အင်္ဂါ ၉-တန် ရှိသော တရားတော်ကို သင်ယူကုန်၏။
(၂) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးတို့အား ဟောကြားကုန်၏။
(၃) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးကို ပို့ချကြကုန်၏။
(၄) နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်ရွတ်ဖတ် (သရဇ္ဈာယ်) ခြင်းကို ပြုကုန်၏။
(၅) နာယူပြီး သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန်ကြံစည်ကုန်၏၊ အဖန်ဖန် သုံးသပ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ဆင်ခြင်ကုန်၏။
တတိယ သဒ္ဓမ္မသမ္မောသသုတ်
သာသနာ ပျောက်ပျက်ရန် ကွယ်ပရန် အကြောင်း (၅) ပါး
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) မကောင်းသဖြင့် ယူအပ်သောပါဠိကို မကောင်းသဖြင့် ထားအပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင်ကြားကုန်၏၊ ရဟန်းတို့ မကောင်းသဖြင့် ထားအပ်သော ပုဒ် ဗျည်း၏ အနက်သဘောကိုလည်း ခဲယဉ်းစွာသိရ၏။
(၂) ရဟန်းတို့သည် အပြောရ အဆိုရ ခက်ကုန်၏၊ အပြောရ အဆိုရ့ခက်ခြင်းကို ပြုတတ်ကုန်သော တရားတို့နှင့် ပြည့်စုံကုန်၏၊ သည်းခံခြင်း မရှိကုန်၊ အဆုံးအမကိုရိုသေစွာ မနာယူကုန်။
(၃) အကြားအမြင်များကုန် အာဂုံ (ပါဠိ) နှုတ်တက်ကုန် သုတ် အဘိဓမ္မာ ကိုဆောင်ကုန် ဝိနည်းကို ဆောင်ကုန် မာတိကာကို ဆောင်ကုန်သော ရဟန်းတို့သည် ပါဠိတော်ကိုသူတစ်ပါးအား ရိုသေစွာ မပို့ချကြကုန်၊ ထိုရဟန်းတို့ ကွယ်လွန်သောအခါ ပါဠိတော်သည် အမြစ်အရင်းပြတ်၏၊ ထောက်တည်ရာ မရှိတော့ချေ။
(၄) မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် ကျင့်ကုန်၏၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ ကျင့်ကုန်၏၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရား ငါးပါး၌ ရှေ့သွားဖြစ်ကြကုန်၏၊ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ တာဝန်မဲ့ ဖြစ်ကြကုန်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန်မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားမထုတ်ကုန်၊ ထိုမထေရ်ကြီးတို့၏ နောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ဆရာ့အယူသို့ အစဉ်လိုက်၍ ကျင့်၏။ ထိုနောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန်ကျင့်၏၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ ကျင့်၏၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရားငါးပါး၌ ရှေ့သွားဖြစ်၏၊ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ တာဝန်မဲ့ဖြစ်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားမထုတ်တော့ချေ။
(၅) သံဃာသည် ကွဲပြား၏၊ သံဃာကွဲပြားသည်ရှိသော် အချင်းချင်းဆဲရေးလည်း ဆဲရေးကြကုန်၏၊ အချင်းချင်း ခြိမ်းခြောက်လည်း ခြိမ်းခြောက်ကြကုန်၏၊ အချင်းချင်းပစ်ပယ်လည်း ပစ်ပယ်ကြကုန်၏၊ အချင်းချင်း စွန့်လည်း စွန့်ကြကုန်၏၊ ထိုသံဃာကွဲပြားရာ၌ မကြည်ညိုသေးသူတို့လည်း မကြည်ညိုကြကုန်၊ ကြည်ညိုပြီးသူ အချို့တို့လည်း အကြည်ညိုပျက်ရန် ဖြစ်၏။
သာသနာတည်တံ့ရန် အကြောင်း (၅) ပါး
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်-
(၁) ကောင်းစွာ ယူအပ်သော ပါဠိကို ကောင်းမွန်စွာ ထားအပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင်ကြားကုန်၏၊ ရဟန်းတို့ ကောင်းစွာ ထားအပ်သော ပုဒ် ဗျည်း၏ အနက်သဘောကိုလည်း လွယ်ကူစွာ သိရ၏။
(၂) ပြောဆိုလွယ်ကူကုန်၏၊ ပြောဆိုရလွယ်ကူခြင်းကိုပြုတတ်သော တရားတို့နှင့် ပြည့်စုံကုန်၏၊ သည်းခံကုန်၏၊ အဆုံးအမကို ရိုသေစွာ နာယူကုန်၏။
(၃) အကြားအမြင်များကုန် အာဂုံ (ပါဠိ) နှုတ်တက်ကုန် သုတ် အဘိဓမ္မာကိုဆောင်ကုန် ဝိနည်းကို ဆောင်ကုန် မာတိကာကို ဆောင်ကုန်သော ရဟန်းတို့သည် ပါဠိတော်ကိုသူတစ်ပါးအား ရိုသေစွာ ပို့ချကြကုန်၏၊ ထိုရဟန်းတို့ ကွယ်လွန်သောအခါ ပါဠိတော်သည်အမြစ်အရင်းမပြတ်၊ ထောက်တည်ရာ ရှိပေ၏။
(၄) မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် မကျင့်ကြကုန်၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ မကျင့်ကြကုန်၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရားငါးပါး၌ တာဝန်မဲ့ဖြစ်ကုန်၏၊ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ ရှေ့သွားဖြစ်ကုန်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်ကုန်၏၊ ထိုမထေရ်ကြီးတို့၏နောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ဆရာ့အယူသို့ အစဉ်လိုက်၍ ကျင့်၏။ ထိုနောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် မကျင့်ပေ၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ မကျင့်ပေ၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရား ငါးပါး၌ တာဝန်မဲ့ ဖြစ်၏၊ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ ရှေ့သွားဖြစ်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်၏။
(၅) သံဃာသည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံ ခိုက်ရန် မရှိဘဲပါတိမောက် အတူပြသည်ဖြစ်၍ ချမ်းသာစွာ နေ၏၊ ရဟန်းတို့ သံဃာညီညွတ်သည်ရှိသော် အချင်းချင်းဆဲရေးလည်း မဆဲရေးကြကုန်၊ အချင်းချင်း ခြိမ်းခြောက်လည်း မခြိမ်းခြောက်ကြကုန်၊ အချင်းချင်းပစ်ပယ်လည်း မပစ်ပယ်ကြကုန်၊ အချင်းချင်း စွန့်လည်း မစွန့်ကြကုန်၊ ထိုညီညွတ်သော သံဃာ၌ မကြည်ညိုသေးသူတို့လည်း ကြည်ညိုကြကုန်၏၊ ကြည်ညိုပြီးသူတို့လည်း အကြည်ညို တိုးပွါးရန် ဖြစ်၏။
အထက်ပါအတိုင်း
သဒ္ဓမ္မသမ္မောသသုတ် (၃) သုတ် ဖြင့် သူတော်ကောင်းတရားဖြစ်သော သာသနာ ပျေက်ပျက်ရန် ကွယ်ပရန် အကြောင်း နှင့် တည်တံ့ရန် စည်ပင်ပြန့်ပွားရန် အကြောင်းများကို ဟောကြားခဲ့ပါသည်။
ဗုဒ္ဓသည် လူမျိုးရေး နှင့် ပတ်သက်၍ လိစ္ဆဝီမင်းသားတို့အား အကြောင်းပြုကာ အပရိဟာနိယ မပျက်စီးကြောင်းတရား (၇) ပါး (ကြီးပွားတိုးတက်ကြောင်းတရား) ကို ဟောကြားတော်မူခဲ့ဖူးသည်။
ထိုအပရိဟာနိယတရားတို့ကား ...
(၁) စည်းဝေးတိုင်ပင်ခြင်း
(၂) အညီအညွတ်ဆောင်ရွက်ခြင်း
(၃) ဥပဒေအတိုင်းကျင့်ခြင်း
(၄) လူကြီးသူမတို့၏ အဆုံးအမ၌ တည်ခြင်း
(၅) အမျိုးသမီးအား မနှိပ်စက်ခြင်း
(၆) မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း
(၇) ရဟန္တာတို့အား စောင့်ရှောက်ခြင်း ဟူ၍ ဖြစ်လေသည်။
အပရိဟာနိယသည် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် အပရိဟာနိယတရားကို တိုးတက်ရေးတရား ဟု ဆိုရမည်ဖြစ်သည်။
ယခု ရခိုင်ပြည်၌ ဖြစ်နေသော အဖြစ်အပျက်များကို ကြည့်ပါက ရခိုင်လူမျိုးရော၊ ရိုဟင်ဂျာ သို့မဟုတ် ဒေသခံ အစ္စလာမ်ကိုးကွယ်သူ လူမျိုးများပါ ဗုဒ္ဓဟောကြားသည့် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းတရားကို ချိုးဖောက်ခဲ့ကြကြောင်း ထင်ထင်ရှားရှားတွေ့ရမည် ဖြစ်သည်။ ထိုသို့ ချိုးဖောက်သည့် အတွက် မည်သို့ ဖြစ်ပျက်နေသည်ကို ယခုပင် တွေ့နေရပြီ ဖြစ်သည်။
ထို့ကြောင့် မိမိလူမျိုးကို ချစ်မြတ်နိုးကြ၊ ကြီးပွားတိုးတက်စေလိုကြ ပါက အထက်ပါ မပျက်စီးကြောင်းတရား နှင့် အညီနေထိုင် ကျင့်ကြံ အားထုတ်ကြရပေမည်။
အိန္ဒိယ၌ ဗုဒ္ဓသာသနာ ကွယ်သွားရခြင်းမှာ ဟိန္ဒူဘာသာဝင်များက တိုက်ခိုက်သိမ်းပိုက်ခြင်း၊ အတင်းသွတ်သွင်းခြင်းကြောင့် မဟုတ်ဘဲ အထက်ပါ ဘုရားဟော သာသနာပျက်ကြောင်း အကြောင်းတရားများကြောင့် ကွယ်ပျောက်ရခြင်းဖြစ်သည်။
ဂရိ၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား စသည့် ဗုဒ္ဓဘာသာထွန်းကားခဲ့ရာ တိုင်းပြည်များမှ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းမှန်မှာလည်း ဘုရားဟောခဲ့သည့် သာသနာပျက်ကြောင်းတရား အတိုင်း ဖြစ်ပျက်ခဲ့၍ ဖြစ်သည်။
ဗုဒ္ဓဘာသာသည် အခြားဘာသာများကဲ့သို့ ကိုးကွယ်ရန် ထာဝရတည်နေသော ထာဝရဘုရားမရှိပါ။ ထိုကြောင့် နေရာဌာန တစ်ခုတွင် ဗုဒ္ဓသက်ရှိထင်ရှားမရှိတော့သည့် နောက်ပိုင်းတွင် ကိုးကွယ်ရာအဖြစ် ဘုရားဟောကြားခဲ့သည့် တရား နှင့် ထိုတရားကို လက်ဆင့်ကမ်းသယ်ဆောင်လာသူရဟန်းတို့သာ ကိုးကွယ်ရာ အဖြစ် ကျန်ရစ်သည်။ ထိုကြောင့် တရားကိုသယ်ဆောင်သူ တရားအမှန်ကိုသိ၍ သီလစောင့်သော ရဟန်းတို့ကွယ်လျှင် ထိုဒေသ၌ သာသနာကွယ်မည်ဖြစ်သည်။ ရဟန်းတို့သည့် တရားမသိ၍ သီလပျက်လျှင် လူတို့ အကြည်အညို ပျက်မည်။ အကြည်ညိုပျက်လျှင် ကိုးကွယ်သူ နည်းလာမည်။ ကိုးကွယ်သူနည်းလာလျှင် ရဟန်းတို့လည်း ရပ်တည်၍မရ။ နောက်ဆုံး ကိုးကွယ်သူလည်းပျောက်၊ ရဟန်းလည်းပျောက်၊ သာသနာလည်း ပျောက်မည် ဖြစ်သည်။
ထာဝရဘုရားမရှိသော ဗုဒ္ဓဘာသာကွယ်လျှင် ထာဝရဘုရားရှိသောအယူက ရှင်သန်ကျန်ရစ်ပေမည်။ ထာဝရဘုရားဟူသော လက်ညှိုးထိုးမပြနိုင်သည့် ဘုရားကို ကိုးကွယ်ခြင်းက လက်ညှိုးထိုးပြနိုင်သည့် တရားမသိသော၊ သီလပျက်သော ရဟန်းကို ကိုးကွယ်ခြင်းထက် သာသည့်အတွက် ဘာသာပြောင်းခြင်းအမှုကို ပြုကြတော့သည်။
ဗုဒ္ဓဘာသာဝင် အပေါင်းတို့အားလည်း လူတစ်ချို့၏ မှိုင်းတိုက်ရာ နောက်သို့ မလိုက်ဘဲ ခဏလေးရပ်ပြီး စဉ်းစားကြပါဟု တိုက်တွန်းလိုပါသည်။
"ဘာသာခြားများက သတ်ဖြတ်ကျူးကျော်၍ ဘာသာသာသနာ ကွယ်မည်ဆိုသည့် မှိုင်းတိုက်မှုကို မယုံကြည်ပါ နှင့် ဘုရားဟော မဟုတ်ဆိုသည်ကို သိပါ"
"ဘာသာခြားများက ဇွတ်အတင်းသွတ်သွင်း၍ သာသနာပျက်မည် ကွယ်မည် ဆိုသည့် မှိုင်းတိုက်မှုကို မယုံကြည်ပါနှင့် ဘုရားဟော မဟုတ်ဆိုသည်ကို သိပါ"
"ဘုရားမဟောသော အကြောင်းဖြင့် ဗုဒ္ဓဘာသာသည် မပျက်စီးနိုင်၊ ဘုရားဟောသော အကြောင်း ကြောင့်သာလျှင် ဗုဒ္ဓဘာသာပျက်စီးမည် ဖြစ်ကြောင်း ဆင်ခြင်သတိရှိကြပါ၊ ဘုရားထက်ပိုသိ ပိုတတ်သော သာသနာပြုသူ နှင့် နိုင်ငံရေးခေါင်းဆောင် ဆိုသူမရှိကြောင်း သတိပြုကြပါ"
"မုန်းတီးမှု ဟူသည့် အကုသိုလ်စိတ်ကို ဖြစ်စေရန် လှုံ့ဆော်သော စာ၊ စကား များ၊ ဘာသာခြား၊ လူမျိုးခြားကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ညင်းပမ်းခြင်း ဖြင့် လူမျိုးဘာသာသာသနာကို ကာကွယ်နိုင်သည် ဆိုသော အယူအဆ အတွေးအခေါ်များမှာ မှားယွင်းကြောင်း ဆင်ခြင်သတိ ရှိကြပါ"
ဗုဒ္ဓဘာသာကို အဓွန့်ရှည်တည်တံ့ စေနိုင်သူများမှာ တရားသိသော၊ တရားကျင့်သော၊ သီလရှိသော၊ ကြည်ညိုဖွယ်သော၊ ပညာဉာဏ်ကြီးသော ရဟန်းတော်များသာ ဖြစ်ပေသည်။
ထို့ကြောင့် သာသနာပြုသူများသည် ဘုရားဟောသော သာသနာတည်ကြောင်းတရားတို့ဖြင့်သာ သာသနာပြုသင့်ပြီး၊ ဘုရားမဟောသော ဝါဒများ၊ မိမိကိုယ်ပိုင်တရားများဖြင့် သာသနာပြုခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း သတိပြုဆင်ခြင် စေလိုပါသည်။
ဘာသာဝင်ဦးရေတိုးလားခြင်းသည် ဘာသာတရားတိုးတက်ခြင်း မဟုတ်ကြောင်း၊ အမှန်ကို သိသူဦးရေ တိုးလာခြင်းကသာ ဘာသာတရားတိုးတက်ခြင်း ဖြစ်ကြောင်း သိရှိစေလိုသည်။ ဘာသာဝင်ဦးရေတိုးလာခြင်းသည် မိမိတို့ကို ကိုးကွယ်သူ မလျော့ကျစေရေး၊ များပြားစေရေး ဟူသော အဖြစ်မျိုး မရောက်ဖို့ အရေးကြီးသည်။ သာသနာပြုခြင်းဆိုသည်မှာ အမှန်ကို သိစေ၍ ကောင်းကျိုး (ကုသိုလ်) တိုးတက်စေခြင်းသာ ဖြစ်သင့်ပြီး၊ အမှားများ သင်ပြ၍ မကောင်းသည့်အကျိုး (အကုသိုလ်) တိုးလာစေမည့် အားထုတ်မှုများ မဖြစ်သင့်ကြောင်း တင်ပြလိုက်ရပါသည်။