May 24, 2010
May 18, 2010
May 17, 2010
ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်း လက္ခဏာ စတင်ပေါ်ပေါက်
ရာသီဥတု အလွန်ပူပြင်းပြီးနောက် ယခုအချိန်တွင် မြန်မာနိုင်ငံ အနောက်ဖက်ရှိ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်း စတင်ရန် လက္ခဏာ စတင်ပေါ်ပေါက်လာကြောင်း အသိပေးအပ် ပါသည်။
သတိထားစောင့်ကြည့်ကြပါရန်။
သွားရောက်ကြည်ရှုရန် Link
1) http://cimss.ssec.wisc.edu/tropic2/#
2) http://cimss.ssec.wisc.edu/tropic2/real-time/storm.php?&basin=indian&sname=92B&zoom=4&img=1&vars=11111000000000000000&loop=0
May 5, 2010
အင်းတော်မြို့မှ အမှတ်တရ နေ့ရက်များ (၁၀)
ရေပေါသော အင်းတော်။ ရေနစ်သော အင်းတော် တွင် ဘဲတို့ပျော်သည်။ မန်ဒါလီများ၊ ဘဲ များကို မြောင်းရိုးတစ်လျှောက် တွေ့ရတတ်သည်။ တဂတ်ဂတ် (ဘဲအော်သံ) ၊ တရှဲရှဲ (မန်ဒါလီအော်သံ) တို့ကို ကြားရတတ်သည်။ အင်းတော်ရောက်စက မြင်ဖူးသည့် ဘဲများကတော့ အဖြူ နှင့် အဖြူအညိုကြား လေးများဖြစ်သည်။ ဘဲက သိပ်မကြီးလှ။ မန်ဒါလီကတော့ကြီးသည်။ အရောင်က နက်ပြာပြာ။ ကိုယ်ထည်အလျားက ရှည်ရှည်။ နှုတ်သီးရှည်ရှည်။ အတောင်ပိုကောင်းသည်။ အတောင်မဖြတ်လျှင် အရွယ်ရောက်လာပါက အပျံသင်ကြ၊ လေ့ကျင့်ကြသည်။ အပျံတတ်လျှင် တောထဲပျံသွားတတ်သည်။ အုပ်စုကောင်းလျှင် ပျံသွားတာများသည်။ အကောင်အနည်းငယ် နှင့်ကတော့ မပျံတတ်ကြပါ။ အကောင်ရေ ၁၅ ၊ ၂၀ လောက်ရှိလာလျှင် မန်ဒါလီများ သင်းခွဲဖို့ ကြံသည်။ ပျံကြ၀ဲကြသည်။ အခါသင့်လျှင် ပြန်မလာတော့။
ဘဲများကတော့ အပျံလေ့ကျင့်တာ မမြင်ဘူး။ သွားလျှင်လည်း နှေးကွေးသည်။ ထို့ကြောင့် ခွေးလိုက်လျှင် ပြေးမလွတ်။ ရေနက်နက်ရှိရာ အမြန်ပြေးကြသည်။ သို့သော်မလွတ်ပါ။ ခွေးက ရေကူးတတ်တော့ ဘဲအုပ်ကို ခွေးလိုက်သောအခါ လူမကူလျှင် ဘဲတစ်ကောင် ကောင်တော့ သေသည်က များသည်။ ထို့ကြောင့်ပင် ကျွန်တော် ဘဲကျောင်းသား ဖြစ်ခဲ့ဖူးခြင်း ဖြစ်သည်။
ကျွန်တော့်ဘကြီးက ဘဲအကောင်ရေ ၂၀၊ ၃၀ လောက်မွေးထားသည်။ ဘဲစာက ဖွဲ နှင့် စကွဲ။ စားကြွင်းစားကျန်များ။ အစာမကျွေးလျှင် "ဂတ်ဂတ်" ...."ဂတ်ဂတ်" ... "ဂတ်ဂတ်" ဖြင့် အုပ်စုဖွဲ့ပြီးအော်ကြသည်။ ဘဲအုပ်က ညီသည်။ တစ်ကောင်တည်း ခွဲပြီးတော့ သွားလေ့မရှိ။ အော်လည်းတူတူ၊ ပြေးလည်တူတူ။ စားလည်တူတူ။ ဘဲအုပ်က တစ်ရာ နှစ်ရာ ဆိုတာ ကြားဖူးမည် ထင်သည်။ ဘဲက အုပ်တာကြီးသည် ပြေးကြ လွှားကြရာတွင် ကြက်တွေလို ဦးတည့်ရာ လျှောက်ပြေးကြခြင်း မဟုတ်။ တစ်ကောင်နောက် တစ်ကောင်လိုက်ကာ ဦးတည်ရာ တစ်ဖက်တည်း စုပြုံကူးကြသည်။ ထို့ကြောင့် ထိန်းရ ကျောင်းရ သိပ်မခက်လှ။ ကြက်ကတော့ လိုက်လျှင် တစ်ကောင် တစ်မျက်နှာ အရပ် ရှစ်မျက်နှာ စုံအောင် ပြေးကြသည်။ ထို့ကြောင့် ကြက်အုပ်ကျောင်းသည် ဆိုတာ မရှိခြင်း ဖြစ်မည်။
အဖြူရောင် ဘဲသည် ဘဲအစစ်ဖြစ်သည်။ နောက် ဘဲအကြားလေးများ။ များသောအားဖြင့် ဘဲ အမ လေးများဖြစ်ပါသည်။ ဘဲအထီး နှင့် ဘဲ အမ မတူပါ။ ဘဲအထီး (ဝါ) ဘဲအဖိုသည် ကိုယ်ခန္ဓာ ပိုကြီးသည်။ ဘဲသံပီပီ သသကြီး "ဂတ် ဂတ် ... ဂတ် ဂတ်" ဆိုသည် မှာ ဤအကောင်ကြီး အော်ခြင်းဖြစ်သည်။ ဘဲအမ များမှာ ထိုကဲ့သို့ ကျယ်ကျယ် လောင်လောင်ကြီး မအော်နိုင်ကြပါ။ ဘဲမ လေးများအသံမှာ မိန်းမသား ဆန်စွာ "ပိ ပိ ... ပိ ပိ" ဟု ယောင်ယောင်လေးသာ အော်နိုင်သည်။ ထို့ကြောင့်လည်း အာပြဲမောင်မောင် ဘဲကိုကို များကို အမူပိုပို ဖြင့် မခွဲနိုင် မခွာရက် အားကိုးနေရှာသည်လား မသိ။ :P
ဘဲအဖိုသည် အကောင်းကြီးပြီး အသံကျယ်ရုံမက အရောင်လည်း ပိုတောက်သည်။ အမြီးလေးလည်း ကောက်ကောက်လေးပါသည်။ အပေါ်ဖက်ထောင်တက် နေသည်။ ထို အမြီးကောက်၊ အကောင်ကြီး၊ အသံကျယ် ခပ်စွာစွာ ကောင်များသည် ဘဲအဖိုဖြစ်သည်။
ဘဲအဖိုအမြီးကောက်။
ဘဲ နှင့် မန်ဒါလီ စပ်သွားလျှင် ကပြားဘဲ ဖြစ်လာသည်။ မန်ဒါလီ မထွက်ဘဲ ဘဲလိုပုံ ထွက်လာသည်။ အကောင်ကြီးသည်။ အရောင် အသွေးစုံပြီး ပိုလှသည်။ ဘဲမန်စပ် ဟု ကျွန်တော်တို့ ခေါ်ပလိုက်သည်။
ဘဲမန်စပ်၏ ခေါင်းက စိမ်းပြာရောင် ဖြစ်သည်။ အရောင် အလွန်တောက်သည်။ များသောအားဖြင့်တော့ ဘဲအဖိုများဖြစ်လေ့ရှိသည်။
အဖြူရောင်ဘဲလေးများကို မြင်ဖူးသည့်အတွက် ဘဲကလေးအကောင်ပေါက်လျှင် ဘယ်လို အရောင်ရှိမည် ဆိုသည်ကို စိတ်ကူးကြည့်စေချင်သည်။ နီကျင်ကျင်လေးလား? ပန်းရောင်လေးလား?
ဘဲကလေးများပေါက်စ အရောင်သည် အ၀ါရောင်ဖြစ်သည်။ ပေါက်ပြီး သိပ်မကြာခင်ရေကူးတော့သည်။ အ၀ါတွင် အနက်ရောက်လေးများပါလျှင် အကြားလေးများ ဖြစ်လာကြသည်။ ဘဲပေါက်ကလေးများသည် အလွန်ချစ်စရာကောင်းသည်။ ဘဲပေါက်ကလေးများ နှင့် ဘဲမကြီး ရေကူးနေသောမြင်ကွင်းသည် ကြည့်၍ အတော်ကောင်းသည်။ ပြော၍သာ ပြောရသည်။ ဘဲများသည် ဥခင်သော အမျိုးမဟုတ်ပါ။ တွေ့ရာနေရာဥသည်။ သူ့ဥကို ခွေးချီချီ လူစားစား ဂရုစိုက်သူများမဟုတ်။ မနက်စောစောကြီးတွင် ဥ အုကြသည်။ ဥကိုလည်း ဖြစ်သလို အုသည်။ မြေကြီးပေါ်တုံးလုံးပက်လက်။ အီးပေပေ မြေလူးလူးဖြင့် တောင်လှိမ့် မြောက်လှိမ့် ဖြစ်ချင်သလို ဖြစ်နေသည်။ ဘဲကို အကောင်ဖောက်လိုလျှင် မန်ဒါလီ သို့မဟုတ် ကြက်မ ဖြင့် ဖောက်မှ သာ အကောင်တော်တော်များများပေါက်သည်။ ဘဲဥက ၂၈ ရက်လောက် ၀ပ်မှ အကောင် ပေါက်သည့်အတွက် မန်ဒါလီအတွက် ပြဿနာ မဟုတ်သော်လည်း ကြက်မအတွက်တော့ ပြဿနာဖြစ်သည်။ ကြက်မှာ ၂၁ ရက် ၂၂ ရက် လောက်ဆို အကောင်ပေါက်သည်။ ခု ဘဲအုက ထိုသို့မဟုတ် အချိန်ပိုကြာကြာဝပ်ရသည်။ တစ်ပတ်ပိုဝပ်ရသည့် အတွက် ကြက်မမှာ အစာပိုငတ်ပြီး ပိန်သွားတတ်သည်။
လူတွေလုပ်ပုံက ဟုတ်တော့မဟုတ်လှပါ။ ကြက်မကြီး မြုံပြင်ကာ ဥအုတော့ ကြက်ဥ တစ်လုံး အု လျှင် တစ်လုံးကောက်ပြီး ထိုနေ့ အုသည့် ဘဲအုဖြင့် အစားထိုးပြီးလဲ ထားလိုက်သည်။ နောက်နေ့ နောက်တစ်လုံး အုတော့ နောက် ဘဲဥ တစ်လုံး ထပ်လဲ ပြန်သည်။ ထိုနည်းအားဖြင့် ကြက်မကြီး ဥဝပ်ချိန်ထိ တစ်လုံးပြီး တစ်လုံး လဲထားလိုက်သည်။ အုသမျှ သူ့ဥ များ ဘဲဥ ဖြစ်သွားရှာသည်ကို ကြက်မကြီးမသိရှာပါ။ အကောင်ပေါက်လာတော့လည်း ဘဲကလေးတွေ။ လိုက်လံစောင့်ရှောက်ပေးသည်မှာ ဘဲလားမြောက်သည် အထိ။
ဘဲစရိုက်ကို ဖော်ပြနေသော ဘဲသားအမိ။ ရှေ့မှ မိခင်ကြီးသွားရာ ထပ်ကြပ်မကွာ။ တညီတညာတည်း လိုက်ကြသည်။မန်ဒါလီမကြီး နှင့် မန်ဒါလီကလေးများ
ဘဲကျောင်းသည့် အကြောင်းကို နောက်မှ ဆက်ရေးပါမည်။
Subscribe to:
Posts (Atom)
-
တစ်ခါက မျက်မမြင်ဘ၀ကို သိပ်ကို နာကျည်း ရွံမုန်းမိနေတဲ့ မျက်မမြင်မလေးတစ်ယောက်ရှိတယ်။ သူချစ်တဲ့ ကောင်လေးမှတစ်ပါး လူတွေအားလုံးကို သူမုန်းတယ်...
-
Original Link ငယ်ကမှတ်မိတာတစ်ခု။ မိုးတွင်း စပါးခင်းစိမ်းစိမ်းထဲ။ ဖားမျှားကြတာ။ ဖားမျှားတာက ငါးမျှားတာ ထက်မြန်သည်။ ဖားတွေက အတော်အစားပုတ်သည်။...