တောင်ပေါ်လေနံ့ မရတော့သည်မှာလည်းကြာပြီ။ တောင်ပေါ်လေငွေ့ မထိတွေ့ရသည်လည်းကြာပြီ။ တောင်ကြောတစ်လျှောက် ရစ်သိုင်းဖွဲ့တည်နေတတ်သော တိမ်စိုင်တို့ကို တမေ့တမော မကြည့်ရသည်လည်းကြာပြီ။ တောထူထူ တောင်မြင့်မြင့်ကို တွေ့တိုင်း လွမ်းမော တသသော စိတ်ပေါ်သည်မှာ ကျွန်တော်တို့သည် တချိန်ချိန်က တောင်ပေါ်မှာနေ တောင်ပေါ်မှာကြီးသည့် မျောက်ကြီးများမှ များ ဆင်းသက် ခဲ့လေသလား။ ဘာကို လွမ်းမှန်းမသိပဲ လွမ်းလွမ်းတတ်သည်ကတော့ သေချာသည် ............
"နောင် ဗေ ... နောင်.. နောင် ဗေ... နောင်" ကိုလည်း စိတ်ထဲပဲ ရွတ်ရွတ်ပြီး လက်ကလေးတစ်ကြွကြွ နှင့် သံစဉ်မှာ မြောပြီး စိတ်ခေါ်ရာ တစ်ခါ တစ်ခါ လိုက်သွားမိသည်လည်းရှိသည်။ တနယ် တမြေမှာ သျှမ်းအိုး စည်သံကို ကြားရဦးမည်။
စင်ကာပူ နိုင်ငံမှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက် နေ့၊ သျှမ်းလူငယ်များ မိမိတို့၏ ကာယအား၊ ဉာဏအားဖြင့် အမိမြေကို တစ်ဖက် တစ်လမ်းမှ အလုပ်အကျွေးပြုမည့်ပွဲ။